အက်သလက်တီကိုရဲ့ ကစားဟန်အပေါ် ကလော့ နဲ့ pundit တွေရဲ့ ဝေဖန်မှုကို တုန့်ပြန်လိုက်တဲ့ ထရစ်ပီယား

ကီရန်ထရစ်ပီယားက လီဗာပူးကို ချန်ပီယံလိဂ် ပြိုင်ပွဲ ကနေ ထွက်ခွာ စေခဲ့ ရပြီးနောက် အက်သလက်တီကို ရဲ့ ကစားဟန် အပေါ် ဝေဖန်မှု တွေကို တုန့်ပြန် ကာကွယ် ပြောဆိုလိုက် ပါတယ်။ အက်သလက်တီကိုဟာ အန်ဖီးမှာ လီဗာပူး ကို ၂-၀ နဲ့ အန်ဖီးမှာ ရှုံးခဲ့တဲ့ အနေအထား ကနေ အချိန်ပိုမှာ ၃ ဂိုး သွင်းကာ ၃-၂ နဲ့ ပြန်လည် အနိုင်ယူ နိုင်ခဲ့ပါတယ်။

အက်သလက်တီကိုဟာ ပထမအကျော့က မက်ဒရစ်မှာ လီဗာပူးကို ၁-၀ နဲ့ အနိုင် ရရှိ ထားခဲ့တာကြောင့်လည်း နှစ်ကျော့ပေါင်း ၄-၂ နဲ့ ဥရောပရဲ့ လက်ရှိ ချန်ပီယံကို ပြိုင်ပွဲ ကနေ ဖယ်ထုတ် လိုက်နိုင် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲအပြီးမှာ ကလော့ဟာ အက်သလက်တီကို ရဲ့ ကစားဟန် အပေါ် မေးခွန်း ထုတ်ခဲ့ပြီး အရည်အသွေးမြင့် ကစားသမားတွေ အများကြီး ရှိနေတဲ့ ဒီယေဂို ဆီမွန်နီ ရဲ့ အသင်း အနေနဲ့ ဘာကြောင့်များ ဒီလို ကစား နေသလဲ ဆိုတာ နားမလည် နိုင်ဘူးလို့ ပြောခဲ့ ပါတယ်။

 

ဒါ့အပြင် အက်သလက်တီကို ရဲ့ ကစားဟန် အပေါ် ဘောလုံးလောကရဲ့ pundit တွေ ကလည်း ဝေဖန်မှုတွေ လုပ်ခဲ့ပြီး လီဗာပူး ကို ဖြုတ်ချ နိုင်ခဲ့ ပေမယ့်လည်း ကံကောင်းပြီး နောက်တဆင့် တက်ခဲ့တယ်လို့သာ ယူဆ နေကြပါတယ်။ ဒါပေမယ့် ထရစ်ပီယားက ဒီလို ပြောဆိုမှုတွေ အပေါ် ပြန်လည် တုန့်ပြန် သွားခဲ့ပါတယ်။

ထရစ်ပီယား က “လူတွေ ကတော့ ကျွန်တော်တို့ အသင်းဟာ ခံစစ်ကို အားပြု ကစားတဲ့ အသင်း ဆိုပြီး ယူဆမှုတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ လီဗာပူး နဲ့ ပွဲမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ ပုံစံကို အရမ်းကို အထင် သေးလွန်း နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူးလို အသင်းနဲ့ တိုက်စစ် အပြိုင် ကစား သွားမယ် ဆိုရင် ကျွန်တော်တို့ ၆-၀ နဲ့ ရှုံးသွား နိုင်ပါတယ်။ လူတွေ ဘာကို မျှော်လင့် ထားကြသလဲ ဆိုတာ ကျွန်တော် မသိပါဘူး။

ကျွန်တော်တို့ ခံစစ်ကိုပဲ အားပြု ကစား ခဲ့တာကြောင့် pundits တွေ စောဒက တက်နေကြတာကို ခင်ဗျားတို့ မြင်ရမှာပါ။ သူတို့ဟာ ကျွန်တော်တို့ကို အန်ဖီးကို သွားပြီး ဖွင့်ကစားဖို့ မျှော်လင့် နေကြတဲ့ ပုံစံ ပါပဲ။ အထူးသဖြင့် ဒီအချိန်မှာ လီဗာပူး တို့ ကစားနေတဲ့ ခြေစွမ်းကြောင့်ပေါ့။ အန်ဖီးကို သွားရင် တိကျတဲ့ အစီအစဉ် ရှိနေ ရပါမယ်။ ကျွန်တေ်ာတို့ လုပ်နိုင် ခဲ့ပါတယ်။ ကျွန်တော်တို့ ခံစစ်ကို အကောင်းဆုံး ကစား နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် အရေးကြီးဆုံး အရာ ကတော့ ကျွန်တေ်ာတို့ အနိုင် ရခဲ့တာ ပါပဲ။” လို့ ဆိုသွား ပါတယ်။

 

ထရစ်ပီးယား က “ဘောလုံးဟာ အမြဲတမ်း အကောင်းဆုံး ကစား နေဖို့ပဲ မဟုတ်ပါဘူး။ အသင်းတိုင်း ဒါကို မလုပ်နိုင် ကြပါဘူး။ အန်ဖီးကို သွားပြီး လီဗာပူး နဲ့ တိုက်စစ် အပြိုင် ကစား သွားလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီလို လုပ်ရင် အပြစ်ပေး ခံသွား ရမှာပါ။ ကိုယ့်ရဲ့ အသင်း ဖြိုခွဲ ခံရပါမယ်။ ပြိုင်ဘက် အပေါ် သူတို့ ပေးတဲ့ ဖိအား ပမာဏ နဲ့ ပွဲအတွင်းမှာ သူတို့ ထုတ်တဲ့ စွမ်းအင် ပမာဏကြောင့် သူတို့ဟာ ကိုယ့်ကို ကောင်းကောင်း ဖြိုခွင်း နိုင်စွမ်း ရှိတယ် ဆိုတာ ကျွန်တော်တို့ သိနေ ခဲ့ပါတယ်။

သူတို့ အရှိန်ကျ သွားမယ် ဆိုတာ ကျွန်တော်တို့ သိနေ ခဲ့ပါတယ်။ ကျွန်တော်တို့ မိနစ် ၁၀၀ ကျော်လောက် တောင့်ခံ ခဲ့ရပေမယ့် နောက်ဆုံး မှာတော့ ၃-၂ နဲ့ အနိုင် ရခဲ့ပါတယ်။ ဒါကို လူတွေ ကြိုက်သလို ဝေဖန် နိုင်ပါတယ်။ ဒါပေမယ့် ဒီလို ပွဲမျိုးမှာ ဒီလိုမျိုး ကစားဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ယူဆ ခဲ့လို့ပါ။ အသက်ကြီးလာ လေလေ ဝေဖန်မှုတွေနဲ့ ပက်သက်ပြီး ကျွန်တော် သိပ်ပြီး ခံစား ရတာ မရှိတော့ ပါဘူး။ လီဗာပူး ကလည်း သူတို့ ရတဲ့ အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ သူတို့ကို ၂ ကျော့စလုံး အနိုင်ယူ ခဲ့ပါတယ်။ ဒီဗျူဟာဟာ အလုပ် ဖြစ်ခဲ့ပါတယ်။” လို့ ပြောလိုက် ပါတယ်။

SM