သူ့ကို ရီးရဲယ်မက်ဒရစ်မှာ လာကစားရန် စည်းရုံးခဲ့တဲ့ ကစားသမား ၂ ဦးကို ထုတ်ဖော်လိုက်တဲ့ လီဝန်ဒေါစကီး

ရီးရဲယ်မက်ဒရစ် အသင်းဟာ ဥရောပ ရဲ့ ထိပ်တန်း ကြယ်ပွင့် တွေကို အမြဲတမ်း ဆွဲဆောင် နိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်ပြီး ဘာနေဗျူးမှာ လာကစားခြင်းဟာ ကမ္ဘာကျော် ကစားသမား တွေရဲ့ အိမ်မက် တစ်ခုလည်း ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် တိုက်စစ်မှုး ရောဘတ် လီဝန်ဒေါစကီး က ခရစ်စတီယာနို ရော်နယ်ဒိုဟာ သူ့ကို ရီးရဲယ်မက်ဒရစ် အသင်းမှာ လာရောက် ကစားရန် ဆွဲဆောင် ခဲ့ဖူးတယ်လို့ ထုတ်ဖော် သွားခဲ့ ပါတယ်။

ပိုလန် လက်ရွေးစင်ဟာ လက်ရှိ ကမ္ဘာ့ဘောလုံး လောကရဲ့ အကောင်းဆုံး အထောက် တိုက်စစ်မှုး တွေထဲက တစ်ဦး ဖြစ်ပြီး ဒီရာသီ ဘိုင်ယန်မြူးနစ် အသင်းမှာ ဂိုးတွေ များစွာ သွင်းယူ နေတဲ့ ခြေစွမ်းကြောင့် အကောင်းဆုံး တိုက်စစ်မှုး အဖြစ်တောင် သတ်မှတ် ထားခြင်း ခံထား ရသူ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ဘွန်ဒက်လီဂါ အင်အားကြီး ကလပ် အတွက် ၂၇၅ ပွဲ ကစား ခဲ့ရာမှာ ဂိုး ၂၃၀ ထိ သွင်းယူ ပေးထား ခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ် ကစားသမား က ရော်နယ်ဒို နဲ့ ဆာဂျီယိုရာမို့စ် တို့ဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ရီးရဲယ်မက်ဒရစ် တို့ ဘိုင်ယန်ကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ နှစ်ကျော့ပေါင်း ၆-၃ နဲ့ နိုင်ခဲ့ အပြီးမှာ ၎င်းကို ဘာနေဗျူးမှာ လာကစားရန် စည်းရုံးဖို့ ကြိုးစား ခဲ့ကြတယ်လို့ ဖွင့်ဟ ခဲ့ပါတယ်။

လီဝန်ဒေါစကီးက “အမှန်ပါပဲ။ ရော်နယ်ဒို နဲ့ ရာမို့စ် တို့ဟာ ရီးရဲယ်ကို လာကစား ပါလား ဆိုပြီး ကျွန်တော့်ကို တောင်းဆို ခဲ့ကြပါတယ်။ မင်း အနေနဲ့ စပိန်လိဂ် ဒါမှမဟုတ် နောက်နိုင်ငံ တစ်ခု က အကောင်းဆုံး အသင်းမှာ သွားကစားလို့ ရတယ်လို့ ပြောခဲ့ ပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက် ဒါဟာ အရေးပါဆုံး အရာ မဟုတ်ပါဘူး။ ကျွန်တော့် ရဲ့ အမြင့်ဆုံး စွမ်းရည်ကို ပြသ နိုင်မယ့် နေရာမှာပဲ ကျွန်တော် ဆက်ကစား ချင်ပါတယ်။

ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်းမှာ ကစား နေတာပါ။ ကျွန်တော် ဒီမှာ ပျော်ရွင် နိုင်မယ် ဆိုတာ သိပါတယ်။ ကျွန်တော်တို့ဟာ sporting facilities မှာကော အသင်းရဲ့ အင်အားမှာပဲ အရမ်းကို မြင့်မားတဲ့ အဆင့်မှာ ရှိနေပါတယ်။ ဒီလို ကလပ်မျိုးမှာ ကစားရတာ အများကြီး လွယ်ကူပါတယ်။”

လီဝန်ဒေါစကီးဟာ ဒီရာသီ ဘိုင်ယန်ကို ဘွန်ဒက်လီဂါ အမှတ်ပေးဇယားထိပ်မှာ ရပ်တည် နိုင်အောင် ကူညီ ပေးထား ခဲ့တဲ့ အပြင် ချဲလ်ဆီးကို ၁၆ သင်း ရှုံးထွက် အဆင့် ပထမအကျော့က ၃-၀ နဲ့ နိုင်ခဲ့ရာမှာလည်း ၁ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီး ထားခဲ့ပြီး အသင်းကို ကွာတားဖိုင်နယ် အတွက် အကောင်းဆုံး အခြေအနေ ဖြစ်အောင် ကူညီ ပေးထား ခဲ့ပါတယ်။

လီဝန်ဒေါစကီးနဲ့ ပက်သက်ပြီး အလာဘာက “သူဟာ ကမ္ဘာ့အဆင့် ကစားသမားပါ။ ကမ္ဘာ့အဆင့် တိုက်စစ်မှုးပါ။ သူ ဂိုးတွေ သွင်းယူ နိုင်စွမ်း ရှိတယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ ပွဲမှာ ဂိုးဖန်တီးမှုတွေလည်း လုပ်နိုင်စွမ်း ရှိတယ် ဆိုတာ ပြသ နိုင်ခဲ့ပါတယ်။ သူဟာ အသင်း အတွက် အရေးပါတယ် ဆိုတာ ကျွန်တေ်ာတို့ အားလုံး သိပါတယ်။ ကျွန်တော်တို့ သူ့ကို ပိုင်ဆိုင် ထားလို့ ကျေးဇူးတင်မိ ပါတယ်။ သူဟာ ဒါကို အပတ်တိုင်း ပြသနေပါတယ်။

သူဟာ ကမ္ဘာ့ အကောင်းဆုံး တွေထဲက တစ်ဦးပါ။ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှုး လို့တောင် ဆိုနိုင်ပါတယ်။ သူဟာ ပွဲတိုင်း နီးပါး ဂိုးသွင်း နိုင်စွမ်း ရှိသူ ဖြစ်ပြီး မက်ဆီ ရော်နယ်ဒို တို့နဲ့ တစ်တန်းတည်းမှာ ထားပြီး ပြောဖို့ ထိုက်တန်မှု ရှိတယ်လို့ ထင်ပါတယ်။” လို့ ချီးကျူး ခဲ့ပါတယ်။