ဝက်စ်ဟမ်းနဲ့ ပွဲမှာ ၁၀ မိနစ် အတွင်း ပခုံးအဆစ် သုံးကြိမ် လွဲခဲ့တဲ့ အကြောင်းကို အသေးစိတ် ပြန်ပြောင်း ပြောကြားလိုက်တဲ့ တီယာနေး

အာဆင်နယ် အသင်း ဘယ်နောက်ခံလူ ကီရန် တီယာနေး က ပြန်လည် သက်သာဖို့ အချိန် အတော်ကြာ ယူနေရတဲ့ ပခုံး အဆစ်လွဲတဲ့ ဒဏ်ရာအကြောင်း အသေးစိတ်ကို ပြန်ပြောင်း ပြောကြားလိုက်ပြီး သူ့ဘဝရဲ့ အခက်ခဲဆုံး အချိန် ဖြစ်တယ်လို့လည်း ဝန်ခံ သွားခဲ့ပါတယ် ။ပြီးခဲ့တဲ့ နွေရာသီ ဆဲလ်တစ် အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ တီယာနေး ဟာ အသင်းကို စရောက်ကတည်း ဒဏ်ရာ ပြဿနာ ရှိနေတာကြောင့် ချက်ချင်း ပါဝင်ကစားနိုင်ခြင်းတော့ မရှိပါဘူး ။

နောက်ပိုင်း ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝ လာတဲ့ အချိန်မှာတော့ တီယာနေး ဟာ အသင်း အတွက် ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း တီယာနေး ဟာ ဒီဇင်ဘာလ အတွင်းမှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ ပွဲမှာ ဒဏ်ရာ ပြန်လည် ရရှိ သွားခဲ့ပြီး ကာလ အတန်ကြာ အနားယူခဲ့ရပြန်ပါတယ် ။စကော့တလန် လက်ရွေးစင် တီယာနေး ဟာ ဝက်စ်ဟမ်း အသင်းကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပခုံး အဆစ်လွဲ ဒဏ်ရာ ရရှိ ခဲ့တာ ဖြစ်ပြီး ၊ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကမှ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်း နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

တီယာနေး က အဆိုပါ ဒဏ်ရာ ရခဲ့စဉ်တုန်းက ဘယ်လောက် အထိ ရုန်းကန် ခဲ့ရသလဲ ဆိုတာကို Sports Bible နဲ့ အင်တာဗျူးမှာ ပြောကြား လိုက်ပါတယ် ။ “အဲ့ဒီပွဲမှာ ဒဏ်ရာ ရခဲ့တာက ကျွန်တော့် ဘဝရဲ့ အခက်ခဲဆုံး အချိန်လို့တောင် ဆိုနိုင်ပါတယ် ၊ ကျနော် အဲ့ဒီအချိန်တုန်းက ငါ ခွဲစိတ်ကုသမှု ခံယူမှ ရတော့မယ် ဆိုတာ ကိုယ့်ကိုယ်ကို သိလိုက်ပါတယ် ။ ”

” ဆယ်မိနစ် အတွင်း ပခုံးအဆစ် သုံးကြိမ်လွဲတာက ဘယ်သူမှ ဖြစ်လေ့ ရှိတာ မဟုတ်ဘူးလေ ၊ ကျွန်တော် ကွင်းထဲမှာ လဲကျ နေတဲ့ အချိန်မှာ ခေါင်းထဲမှာ တွေးလိုက်မိတာက နောက်ထပ် လ အနည်းငယ် အနားယူ ရတော့မယ် ဆိုတာ ပါပဲ ။ ကျနော် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာကိုလည်း အားလုံး မြင်တွေ့ ခဲ့ကြမှာပါ ။ ” လို့ ဆိုပါတယ် ။

ဆက်လက်ပြီး တီယာနေး က သူ့ရဲ့ ဘယ်နောက်ခံလူ နေရာမှာ ပွဲထွက် ကစားခွင့် ရနေတဲ့ ဆာကာ ရဲ့ ခြေစွမ်းကို သတိထား မိကြောင်း နဲ့ အသင်းမှာ ပွဲထွက် ကစားခွင့် ပြန်ရအောင် ကြိုးစား သွားမယ်လို့ ဆိုပါတယ် ။

” ကွင်းထဲမှာ ဘောလုံး မကစားရလည်း ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ် ။ ဒဏ်ရာ ရနေတဲ့ အချိန်မှာ ကိုယ်ရဲ့ ကြံခိုင်မှု ပိုမို ကောင်းမွန်လာအောင် ၊ ကိိုယ့်ကိုယ်ကိုကော ၊ ကိုယ့်ရဲ့ စိတ်ဓတ်ပိုင်းကိုကော အရင်ကထ​က် တိုးတက်လာအောင် လုပ်လို့ ရပါတယ် ။ ”

” ကျနော့် ကစားနေကြ နေရာမှာ ဘယ်သူတွေ ကစားနေသလဲ ၊ ဘယ်သူတွေနဲ့ ယှဉ်ပြိုင် ရမလဲဆိုတာ အမြဲ ကြည့် ဖြစ်ပါတယ် ။ အသင်းက ဘယ်လို ကစားကွက်နဲ့ ကစားသလဲဆိုတာ သေချာ ကြည့်ဖြစ်ပါတယ် ။ အသင်းရဲ့ ကစားပုံ ၊ နည်းပြ လိုချင်တဲ့ ပုံစံကို ကျနော် ကောင်းကောင်း သိပါတယ် ။ ”

” ကွင်းဘေးကနေ ပွဲကြည့် ပရိသတ်လုပ်ရတာကို သိပ်မကြိုက်ပေမယ့် ကျနော်က အသင်း အနိုင်ရတာကိုပဲ မြင်ချင်သူပါ ။ ဘောလုံး ကစားတဲ့ အခါမှာ စိတ်ဓတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကော ၊ တခြားသူတွေရဲ့ ထိုးနှက်မှုဆိုတာက ရှိစမြဲပါပဲ ၊ ဒါပေမယ့် ဒါတွေကို ကျော်လွှား နိုင်ရင်တော့ ကိုယ့်အတွက် ဆုလာဘ်အကြီးကြီးပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။