ဖာနန်ဒိုတောရက်စ် ရွေးချယ်လိုက်တဲ့ သူ့စိတ်ကြိုက် အကောင်းဆုံး အသင်း (Ultimate XI)

ကစားသမား ဘ၀ ကနေ အနားယူ သွားခဲ့ပြီ ဖြစ်တဲ့ လီဗာပူး ၊ ချဲလ်ဆီး နဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှုးဟောင်း ဖာနန်ဒိုတောရက်စ် ဟာ သူ စိတ်ကြိုက် ရွေးချယ် ထားခဲ့တဲ့ အကောင်းဆုံး အသင်း (Ultimate XI) ကို Liverpool.com မှ တဆင့် ရွေးချယ် သွားခဲ့ ပါတယ်။ တောရက်စ်ဟာ သူ့ရဲ့ ကစားသမား ဘ၀ အကောင်းဆုံး အချိန်ကို လီဗာပူး အသင်းမှာ ကစားခဲ့တဲ့ အချိန် အတောအတွင်း ပိုင်ဆိုင် နိုင်ခဲ့ပြီး အန်ဖီးကလပ် အတွက် ၁၀၂ ပွဲမှာ ၆၅ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။

ဒ့ါကြောင့်လည်း တောရက်စ်ဟာ ကစားသမား ဘဝမှာ တွဲဖက် ကစား ခဲ့ဖူးတဲ့ သူတွေထဲက အကောင်းဆုံး အသင်းမှာ လီဗာပူး နဲ့ စပိန် လက်ရွေးစင် အသင်းက ကစားသမား အများစုကို ရွေးချယ် သွားခဲ့ပါတယ်။

တောရက်စ်က “ကျွန်တော် ၃-၅-၂ ကစားကွက် နဲ့ တည်သွား ချင်ပါတယ်။ ကျွန်တော် systems တွေကို ယုံလို့ မဟုတ်ပါဘူး။ နေရာပေး နိုင်ဖို့ အတွက်သာ ဖြစ်ပါတယ်။ ဂိုးသမား နေရာ အတွက် ကိုတော့ ကျွန်တော် အော့ဘလက်ကို ရွေးသွား မှာပါ။ ကျွန်တော် သူနဲ့ အတူ အက်သလက်တီကို မှာ ၃နှစ်ခွဲကြာ တွဲ ကစား ခဲ့ဖူးပါတယ်။ သူဟာ အရမ်းကို တော်တဲ့ ဂိုးသမား တစ်ဦးပါ။ အကြိုက်ဆုံး ဂိုးသမား တစ်ဦးကို ရွေးချယ်ရတာ ခက်ခဲ ပေမယ့် ကျွန်တေ်ာ ဂျန်အော့လဘလက်ကိုပဲ ရွေးသွား မှာပါ။

နောက်တန်းမှာ ကျွန်တော် ဗဟို ခံစစ် ကစားသမား ၃ ဦး ထားသွား မှာပါ။ ကားလပ်စ် ပူယိုး ဟာ သူကစားတဲ့ အသင်းတွေ အတွက် အဓိက ကစားသမား ၊ အရမ်းကို ထူးချွန်တဲ့ နောက်ခံလူ ဖြစ်ပါတယ်။ နောက်တစ်ဦး ကတော့ ဒီယေဂို ဂိုဒင်ပါ။ သူကလည်း တကယ့်ကို တော်တဲ့ နောက်ခံလူပါ။ နောက်တန်း ၃ ယောက် ထားကစားတဲ့ အတွက် တတိယ ဗဟို နောက်ခံလူ အဖြစ် ကျွန်တော် ဂျွန်တယ်ရီကို ရွေးချယ် သွားချင် ပါတယ်။ ဒါ့ကြောင့် မာကျောတဲ့ ဗဟို နောက်ခံလူ ၃ ဦးကို ရသွား ပါပြီ။

နောက်တန်း ၃ ယောက်နဲ့ ခံကစား ရတဲ့ အခါ ကျွန်တော့် အနေနဲ့ အတူ တကွ တွဲဖက် ကစား နိုင်တဲ့ အရပ်ရှည်ရှည် နောက်ခံလူ ၃ ဦးကို လိုချင်ပါတယ်။ full-backs တွေ ပါမှာတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီနေရာမှာ ကစား နိုင်တဲ့ ဗဟို နောက်ခံလူ ၃ ဦးကို ကျွန်တော် လိုချင်ပါတယ်။ ဂိုဒင် ၊ ပူယိူး နဲ့ တယ်ရီ တို့ဟာ ဘောလုံး ကစားပုံ အရမ်းကောင်းတဲ့ အပြင် သူတို့ဟာ မာကျောတဲ့ နောက်ခံလူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တစ်ချိန်လုံး ဒီလူ ၃ ယောက်နဲ့ ခံစစ် ကစား နိုင်ပါတယ်။

အိုကေ၊ ကွင်းလယ် အတွက် ကျွန်တော် ဂျာဗီယာ မာရှေယာနို ကို ရွေးချယ် ချင်ပါတယ်။ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်ပြီး အသင်းတိုင်း လိုအပ်တဲ့ ကစားသမားပါ။ သူဟာ အလုပ်ကို ကြိုးစားတယ် ၊ ဘောလုံး ကိုင်ကစားပုံ ကောင်းတယ်။ ကျွန်တော် လီဗာပူးမှာ အတူ တွဲဖက် ကစားချင်တဲ့ ကစားသမား တစ်ဦးပါ။ သူနဲ့ အတူ တွဲဖက်မယ့် သူကတော့ ဇာဗီအလွန်ဆို ဖြစ်ပါတယ်။ မာရှေယာနို အတွက် ပြီးပြည့်စုံတဲ့ ပါတနာ တစ်ဦးပါ။

ကျွန်တော်တို့ လီဗာပူးမှာ အတူတူ တွဲဖက် ကစား ခဲ့တဲ့ အချိန်တွေကို ကျွန်တော် တွေ့ခဲ့မှာပါ။ မာရှေယာနို နဲ့ အလွန်ဆို တို့ဟာ ပြီးပြည့်စုံတဲ့ တွဲဖက်မှု ဖြစ်ပါတယ်။ ကျွန်တော်တို့ အလွန်ဆို ရဲ့ ဘောလုံး အရည်အသွေးကို လိုအပ် ခဲ့ပါတယ်။ ကွင်းလယ် မှာပဲ တိုက်စစ်ပိုင်း အတွက် တာဝန်ယူ ရမယ့် သူကတော့ စတီဗင်ဂျာရတ်ပါ။ သူဟာ ကျွန်တော့်ရဲ့ icon ကစားသမားပါ။

ကျွန်တော် စတီဗင်ဂျာရတ်ကို လိုအပ် ခဲ့ပါတယ်။ ဘယ်စနစ်ပဲ ဖြစ်ဖြစ် ဘယ်အသင်းမှာပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်တော့် အတွက် အဓိက ကစားသမား ဖြစ်ပြီး ဒီ role မှာ အရေးကြီးဆုံး ကစားသမား ဖြစ်ကာ နံပါတ် ၁၀ နေရာ မှာ ကစား နိုင်သလို မာရှေယာနို အလွန်ဆို တို့ရဲ့ ရှေ့မှာလည်း ကစား နိုင်ပါတယ်။ ကျွန်တော် တွဲဖက် ကစားဖူးတဲ့ သူတွေ ထဲမှာ အကောင်းဆုံး ကစားသမားပါ။ ကျွန်တော် အကြိမ်ပေါင်း များစွာ ပြောခဲ့ဖူး ပါတယ်။ သူဟာ ကျွန်တော့်ကို ပြီးပြည့်စုံ စေခဲ့တဲ့သူ ဖြစ်ပါတယ်။ သူနဲ့ အတူ စတင် တွဲဖက် ကစား ကတည်းက ကျွန်တော့်ကို အများကြီး အကူအညီ ဖြစ်စေ ခဲ့ပါတယ်။ ဒါ့ကြောင့် သူဟာ icon ကစားသမား ဖြစ်ပြီး ဒီအသင်းရဲ့ ခေါင်းဆောင်ပါ။ သူနဲ့ အတူ နောက်တစ်ကြိမ်သာ တွဲဖက် ကစားခွင့် ရခဲ့မယ် ဆိုရင် ကျွန်တေ်ာ အရမ်းကို ပျော်မိ မှာပါ။

အဲဒီနောက် ကျွန်တော် အင်ဒရီ အင်နီယေစတာ ကို ရွေးချင် ပါတယ်။ စပိန် သမိုင်းတစ်လျှောက် အကောင်းဆုံး မဟုတ်ရင်တောင် အကောင်းဆုံး တွေထဲက တစ်ဦးပါ။ ဘောလုံးကို အံ့ဖွယ် ကစား နိုင်သလို နည်းစနစ်ပိုင်းမှာ ဉာဏ်ရည် အရမ်းကို မြင့်မားပါတယ်။ ဒ့ါကြောင့် အင်နီယေစတာဟာ ကျွန်တော် တွဲဖက် ကစား ခဲ့ဖူးတဲ့ အကောင်းဆုံး အသင်းမှာ ပါဝင်နေမှာ အမှန်ပါပဲ။ အခြား တစ်ဖက်မှာတော့ ကျွန်တော် ဇာဗီ ဟာနန်ဒက် ကို ထည့်ချင် ပါတယ်။ သူနဲ့ အင်နီယေစတာဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး စပိန် ကစားသမား ၂ ဦး လို့ ဆိုနိုင်ပါတယ်။ သူတို့နဲ့ အတူ ပွဲတွေ အများကြီး ကစား ခဲ့ရပြီး ကမ္ဘာ့ဖလား တစ်ကြိမ် ယူရို ၂ ကြိမ် ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ကျွန်တော် စပိန် အတွက် သွင်းယူ ခဲ့တဲ့ အရေးပါတဲ့ ဂိုးတိုင်းကလည်း သူပဲ ဖန်တီး ပေးခဲ့တာပါ။ ဒါ့ကြောင့် ကျွန်တော်ဟာ တိုက်စစ်မှုးတွေကို ဝန်းရံဖို့ တောင့်တင်းတဲ့ အသင်းကို တည်ဆောက် နေပါတယ်။

တိုက်စစ် ၂ နေရာစာ အတွက် ပထမဦးဆုံး ကျွန်တော် ဒေးဗစ်ဗီလာကို ရွေးချယ် ချင်ပါတယ်။ သူဟာ စပိန် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမားပါ။ သူနဲ့ အရမ်း ကောင်းတဲ့ အမှတ်တရတွေ ရှိခဲ့ပြီး ကျွန်တော်တို့ စပိန်နဲ့ အတူ ဆုဖလားတွေ အများကြီး ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ပြီးတော့ ပွဲတွေ အများကြီး တွဲဖက် ကစား ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တေ်ာတို့ သူ့ရဲ့ အရည်အသွေး ၊ သူ့ရဲ့ သွင်းဂိုးတွေ လိုအပ် ခဲ့ပါတယ်။

နောက်ဆုံး တိုက်စစ် တစ်နေရာစာ အတွက် ကျွန်တော် ကိုယ့်ကိုကိုယ် ရွေးချင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ရွေးချယ်လိုက်တဲ့ ကစားသမား တွေဟာ ဂိုးဖန်တီးမှုတွေ အများကြီး လုပ်နိုင်မှာ ဖြစ်တာကြောင့် ကျွန်တော် ဂိုးတွေ အများကြီး သွင်းနိုင်မှာပါ။ ဒါဟာ ကျွန်တော် စိတ်ကြိုက် ရွေးချယ်လိုက်တဲ့ အကောင်းဆုံး အသင်း ပါပဲ။” လို့ဆိုလိုက် ပါတယ်။