ချယ်လ်ဆီး နဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေတဲ့ ကော်တင်ဟို ကို မက်ဆေ့ချ် ပေးလိုက်တဲ့ #ရီဗယ်ဒို

ဒီ ရက်ပိုင်း အတွင်း မှာ ချယ်လ်ဆီး အသင်း ဟာ ဘိုင်ယန်မြူးနစ် အသင်း သို့ အငှား နဲ့ ရောက်ရှိနေတဲ့ ဘာစီလိုနာ တောင်ပံ တိုက်စစ် ကစားသမား ဖီလစ်ပီ ကော်တင်ဟို ကို လာမယ့် အပြောင်းအရွှေ့ မှာ ခေါ်ယူဖို့ အထူး စိတ်ဝင်စားနေတယ် လို့ ဥရောပ သတင်း မီဒီယာ တွေ အထက်မှာ အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ် ။

ဘိုင်ယန်မြူးနစ် အသင်း ဟာ ကော်တင်ဟို ကို အငှား နဲ့သာ ခေါ်ယူထားတာ ဖြစ်ပေမယ့် ၊ စာချုပ်ထဲမှာတော့ အပြီးသတ် ခေါ်ယူခွင့်ကိုပါ ရရှိထားပါတယ် ။ ၂၀၁၈ ခုနှစ် မှာ ကော်တင်ဟို ဟာ လီဗာပူး ကနေ ဘာစီလိုနာ အသင်း သို့ ယူရို သန်း ၁၅၀ နဲ့ ပြောင်းရွှေ့ ရောက်ရှိခဲ့ပါတယ် ။

သို့ပေမယ့် ကော်တင်ဟို ဟာ စပိန်မြေ မှာ ၎င်းရဲ့ ပြောင်းရွှေ့ကြေး နဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသဖို့ ရုန်းကန်ခဲ့ရကာ ၊ အခုလို ဂျာမန်မြေ သို့ အငှားချခြင်း ခံခဲ့ရတာ ဖြစ်ပါတယ် ။ ဘွန်ဒက်စ်လီဂါ မှာလည်း ဘိုင်ယန်မြူးနစ် အသင်း နဲ့ အတူ အတော်အသင့် ခြေစွမ်းပြထားပေမယ့် ၊ ကော်တင်ဟို တယောက် ဒဏ်ရာ ပြဿနာ တွေနဲ့ ရုန်းကန် နေရပါတယ် ။

လီဗာပူး မှာ အထူး ခြေစွမ်းပြခဲ့ပေမယ့် ၊ လက်ရှိ ခြေစွမ်းပိုင်း ကတော့ အားရစရာ သိပ်မကောင်းတော့တာကြောင့် ကော်တင်ဟို ရဲ့ တန်ကြေး ဟာ ယူရို သန်း ၁၀၀ ဝန်းကျင်လောက်ပဲ ကျန်ရှိပါတော့တယ် ။

ဘာစီလိုနာ နဲ့ ဘရာဇီး ဂန္တဝင် တဦး ဖြစ်တဲ့ ရီဗယ်ဒို ကတော့ ကော်တင်ဟို အနေနဲ့ ပရီးမီးယားလိဂ် သို့ ပြန်လည် ပြောင်းရွှေ့ဖို့ ဂရုမထားသင့်ပဲ ၊ စပိန်မြေသို့ ပြန်ကာ ဘာစီလိုနာ အသင်း နဲ့ အတူ သူ့ရဲ့ တန်ဖိုး ကို ပြန်လည် ပြသသင့်ကြောင်း BetFair ရဲ့ အစီအစဉ် တခု ကနေ တိုက်တွန်း ပြောဆိုခဲ့ပါတယ် ။

ရီဗယ်ဒို က ” အခု အခြေအနေ အတိုင်း ဆိုရင်တော့ ဘိုင်ယန်မြူးနစ် ဟာ ဖီလစ်ပီ ကော်တင်ဟို ကို ဒီရာသီကုန်တာနဲ့ အပြီးသတ် ခေါ်ယူမယ့် ပုံမပေါ်နေပါဘူး ။ ကစားသမား ကိုလည်း ကြည့်ရတာ စပိန်မြေ ကို ပြန်ချင်တဲ့ပုံပါပဲ ။ ကျွန်တော် ကတော့ ကော်တင်ဟို ဟာ ဂျာမန်မြေ မှာထက် စပိန်မြေမှာ ပိုပြီး အသားကျမယ် လို့ အမြဲ ယူဆခဲ့ပါတယ် ။ စပိန် မှာက ဂျာမနီ ထက်စာရင် ဘရာဇီး နဲ့ ပိုပြီး ရိုးရာဓလေ့ နီးစပ်မှု ရှိပါတယ် ။ ”

” ကံဆိုးစွာနဲ့ပဲ သူဟာ စပိန်မြေ မှာလည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ် ။ ၂သင်းလုံး မှာ ခြေစွမ်း မပေါ်လွင်ပေမယ့် စာချုပ်ရှိတဲ့ အတိုင်း သူ စပိန် ကို ပြန်ရမှာပါ ။ သူ့ အတွက် ဘာကာ မှာ နောက်ရာသီ မှာ နောက် အခွင့်အရေး တကြိမ် ထပ်ရမလား ဆိုတာ ကလပ် တာဝန်ရှိသူတွေနဲ့ မန်နေဂျာ အပေါ် မှာ အများကြီး မူတည်နေပါတယ် ။ ”

” အကယ်၍ သူ့ အနေနဲ့ ဘာကာ မှာ အရင် ခြေစွမ်းမျိုး ပြန်လည် ပြသပေးနိုင်ဖို့ အခွင့်အရေး ရလာပြီ ဆိုရင် အကောင်းဆုံး ကြိုးစားပြီး ကိုယ်ဟာ ဘယ်လောက်ထိ ကြီးကျယ်တဲ့ ကစားသမား တယောက် ဆိုတာ ပြသနိုင်ရမှာပါ။ အင်္ဂလန်မြေမှာ ၊ လီဗာပူး နဲ့ အတူ ၊ ဘရာဇီး လက်ရွေးစင် အသင်း နဲ့ အတူ ပြသခဲ့ဖူးတဲ့ တချိန် က ထူးခြားကောင်းမွန်တဲ့ ခြေစွမ်းကောင်း တွေကို ပြန်လည်ရရှိဖို့ ကြိုးစားရမှာပါ ။ ”

” ကော်တင်ဟို ရဲ့ အရည်အသွေး တွေ အပေါ် ကျွန်တော် အပြည့်အဝ ယုံကြည်နေတုန်းပါပဲ ။ နောက်ပြီး ခြေစွမ်း ပြန်ကောင်းလာဖို့ ဆိုတာ ကိုယ့်ရဲ့ စိတ်ခံယူချက် နဲ့ ယုံကြည်မှု အပေါ် မှာ အများကြီး မူတည်နေပါတယ် ။ သူ့ကို ထိပ်တန်း ကစားသမား အဆင့် ကနေ ဖယ်ရှားထားကြတဲ့ လူတွေရဲ့ အမြင် ကို ပြောင်းလဲပြနိုင်ဖို့ သူ လုပ်ဆောင်ရမှာပါ ။ ကိုယ်ဟာ ကလပ် အတွက် ထူးခြားမှု တခုခု ပေးစွမ်းနိုင်တဲ့ ကစားသမား တယောက် ဆိုတာ ပြသရမှာပါ ။ ”

” ဘာစီလိုနာ အတွက် ကစားခွင့် ရတာဟာ ပရော်ဖက်ရှင်နယ် ကစားသမား တယောက် ထူးခြားတဲ့ ရတောင့်ရခဲ အခွင့်အရေး ဖြစ်ပါတယ် ။ ဘွန်ဒက်စ်လီဂါ မှာ ရခဲ့တဲ့ အတွေ့အကြုံ တွေက ကော်တင်ဟို ကို လာလီဂါ မှာ တဖန် ပြန်လည် ထွန်းတောက်လာစေဖို့ ကူညီ ပေးနိုင်မယ် လို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ဘာကာ မှာ သူ လူမှန် နေရာမှန် ပြန်ရလာမယ် လို့ ကျွန်တော် မြင်မိပါတယ် ။ ”

” ဟုတ်ပါတယ် ။ တဖက်မှာလည်း သူ့ အနေနဲ့ ဘာကာ မှာ ပြန်မကစားပဲ တခြား ပရီးမီးယားလိဂ် ကလပ် တသင်းသင်း ဆီကို အခြေဆန့်နိုင်ပါတယ် ။ ဘာကာ ကလည်း သူတို့ဆီကနေ ထွက်ခွာမယ့် ကစားသမား တွေထံကနေ ငွေကြေး တွေ ပြန်လည် ရရှိဖို့ မျှော်မှန်းထားမှာပါ ။ ကျွန်တော် ကတော့ ကော်တင်ဟို အနေနဲ့ ဘာကာ မှာပဲ ပွဲထွက်ခွင့် တနေရာ အတွက် ဆက်လက် တိုက်ပွဲဝင်သင့်တယ် လို့ ထင်ပါတယ် ။ သူ့ရဲ့ အရည်အချင်း အစစ်အမှန်တွေကို ထုတ်ပြဖို့ သင့်ပါပြီ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR