ချယ်လ်ဆီး နဲ့ ဘာစီလိုနာ ပစ်မှတ် တိုက်စစ်မှူး ကို လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တဦး အဖြစ် ထုတ်ဖော် ချီးကျူးလိုက်တဲ့ #ပိုချက်တီနို

ဥရောပ ထိပ်သီး ကလပ် ၂သင်း ဖြစ်တဲ့ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်း နဲ့ လာလီဂါ ကလပ် ဘာစီလိုနာ အသင်း တို့ဟာ လက်ရှိ အင်တာမီလန် အသင်းမှာ ခြေစွမ်း ပြနေတဲ့ အာဂျင်တီနား အထောင် တိုက်စစ်မှူး ဖြစ်တဲ့ လော်တရို မာတီနက်ဇ် ကို ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ် ။

မာတီနက်ဇ် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အင်တာမီလန် အသင်း နဲ့ အတူ နောက်ပြ အန်တိုနီယို ကွန်တီ လက်အောက် မှာ စုစုပေါင်း ပြိုင်ပွဲစုံ ပွဲ ၃၂ ပွဲ ကစားခွင့် ရထားကာ ၊ သွင်းဂိုး ၁၉ဂိုး သွင်းယူ ထားပါတယ် ။ ၎င်းကို ချယ်လ်ဆီး နဲ့ ဘာစီလိုနာ အသင်း တို့က ပေါင်သန်း ၁၀၀ အထိ အသုံးပြုကာ ခေါ်ယူသွားဖို့ ရည်ရွယ်နေကြပါတယ် ။

ဘာစီလိုနာ အသင်း ဟာ ကာလရှည် ဒဏ်ရာကြောင့် အနားယူနေရတဲ့ ၎င်းတို့ရဲ့ ဝါရင့် အထောင် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ် ရဲ့ နေရာ မှာ မာတီနက်ဇ် နဲ့ အစားထိုးဖို့ ရည်ရွယ်နေတာ ဖြစ်ပြီး ၊ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတာကြောင့် ၎င်းကို ရေရှည် အသုံးပြုဖို့ ချိန်ရွယ်နေခြင်း ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ကတော့ ဂိုး ပုံမှန် သွင်းပေးမယ့် အထောင် တိုက်စစ်မှူး တဦးကို အလိုရှိနေပြီး ၊ ဒီရာသီ အစောပိုင်း မှာ ဂိုးတွေ ဒလဟော သွင်းပြီး ခြေစွမ်း ပြခဲ့ပေမယ့် ၊ နောက်ပိုင်း မှာ ခြေစွမ်း ကျလာတဲ့ တမ်မီ အေဘရာဟမ် အတွက် အပြိုင်အဆိုင် ဖြစ်စေဖို့ ၊ မာတီနက်ဇ် ကို ချိန်ရွယ်နေတာ ဖြစ်ပါတယ် ။

အင်တာမီလန် အသင်း နဲ့ ၂၀၂၃ ခုနှစ် မှာမှ စာချုပ် သက်တမ်း ပြည့်မြောက်မှာ ဖြစ်လို့ ၊ မာတီနက်ဇ် ကို ခေါ်ဖို့ ဘာစီလိုနာ နဲ့ ချယ်လ်ဆီး တို့ဟာ အနိမ့်ဆုံး ပေါင်သန်း ၁၀၀ ဝန်းကျင် ကို အသုံးပြုရမှာ ဖြစ်ပြီး ၊ အင်တာ ဖက်မှာလည်း တောက်ပနေတဲ့ အနာဂတ် ရှိနေတဲ့ မာတီနက်ဇ် ကို လွယ်လွယ် နဲ့ လက်လွှတ်ဖို့ မရှိပါဘူး ။

တော့တင်ဟမ် မန်နေဂျာဟောင်း မော်ရစ်စီယို ပိုချက်တီနို ကတော့ တနိုင်ငံတည်းသား ဖြစ်တဲ့ လော်တရို မာတီနက်ဇ် ကို လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တဦး အဖြစ် အာဂျင်တီးနား အခြေစိုက် သတင်း ဌာန တခု ဖြစ်တဲ့ Radio La Plata နဲ့ တွေ့ဆုံခန်း မှာ အခုလိုပဲ ထုတ်ဖော် ချီးကျူးလိုက်ပါတယ် ။

ပိုချက်တီနို က ” လော်တရို မာတီနက်ဇ် ဟာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တဦးပါ ။ ဒါဟာ သူ ဒီရာသီ မှာမှ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် မဟုတ်ပါဘူး ။ သူဟာ အလားအလာ ကောင်းတဲ့ လူငယ် တိုက်စစ်မှူး ဖြစ်ပြီး ၊ အနာဂတ် မှာ သူဟာ အားထားရတဲ့ တိုက်စစ်မှူး ဖြစ်လာမှာပါ ။ ”

” ခင်ဗျား ဖက်က ထိပ်တန်း ကလပ် တွေရဲ့ ပစ်မှတ် တိုက်စစ်မှူး တွေ အကြောင်း လိုက်လေ့လာမယ် ဆိုရင် မာတီနက်ဇ် ရဲ့ နာမည် ဟာ ဒီ စာရင်းထဲမှာ သေချာပေါက် ပါမှာပါ ။ ” လို့ ချီးကျူး ပြောဆိုခဲ့ပါတယ် ။ တဖက်မှာ အင်တာမီလန် အသင်း ရဲ့ ဒု ဥက္ကဋ္ဌ ဖြစ်သူ ဟာဗီယာ ဇနက်တီ ကတော့ မာတီနက်ဇ် ဟာ အီတလီ မှာ ပျော်ရွှင်နေကြောင်း နဲ့ အင်တာမှာလည်း ဆက်နေဖို့ မျှော်လင့်ထားကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

Radio Continental နဲ့ အင်တာဗျူး မှာ ဇနက်တီ က ” ကျွန်တော် တို့ဟာ လော်တရို ရဲ့ ဒီရာသီ စွမ်းဆောင်ရည် တွေ အတွက် ကျေနပ် အားရနေကြသလို ၊ လော်တရို ဟာလည်း အင်တာ မှာ ကစားရတာ ပျော်ရွှင်နေပါတယ် ။ သူဟာ အသင်း အတွက် စွမ်းဆောင် ထားသမျှ အရာတွေ အားလုံး အံ့သြစရာ ကောင်းပါတယ် ။ ဒါ့အပြင် သူဟာ အာဂျင်တီးနား လက်ရွေးစင် အသင်း နဲ့ အတူ သူ့ရဲ့ အရည်အသွေး တွေကို သက်သေပြထားပြီးပါပြီ ။ ”

” ကျွန်တော် ကတော့ အီတလီ ဘောလုံး လောက မှာ သူ ဆက်လက် ကျင်လည်ဖို့ပဲ မြင်မိပါတယ် ။ သူဟာ အာဂျင်တီးနား ရဲ့ လက်ရှိ နောက်ဆုံးပေါ် ဘောလုံးသမား မျိုးဆက် ထဲက ထွက်ပေါ်လာတဲ့ ထိပ်တန်း ကစားသမားကောင်း တဦးပါ ။ အသက် ၂၂ နှစ်ပဲ ရှိသေးတာကြောင့် ၊ သူဟာ ကြီးကျယ်တဲ့ အနာဂတ် ကို ပိုင်ဆိုင်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

အင်တာမီလန် စီအီးအို ဖြစ်သူ ဘတ်ပီ မာရော့တာ ကလည်း မာတီနက်ဇ် နဲ့ ပတ်သက်ပြီး ” လော်တရို နဲ့ ပတ်သက်တဲ့ ကောလဟလ တွေလား ? သူဟာ အသက် အရမ်းငယ်သေးသလို ၊ ခြေစွမ်း တိုးတက်နေတဲ့ ကစားသမား တဦးပါ ။ သူဟာ လက်ရှိ အချိန် မှာ အင်တာမီလန် ရဲ့ ဂျာစီ ကိုသာ ဝတ်ဆင်ဖို့ စိတ်ကူးရှိသူ ဖြစ်ပါတယ် ။ ”

” တခြား ကလပ် အသင်း တွေ ပိုင်ဆိုင်ထားတာ ကိုလည်း ကျွန်တော် တို့ဖက်က မနာလိုစရာ ဘာမှ မရှိပါဘူး ။ အသင်းသား တွေ ကိုယ်တိုင် ကလည်း အသင်းပြောင်းချင်တယ် ဆိုရင် ကျွန်တော် တို့နဲ့ တိုက်ရိုက် ဆွေးနွေး နိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။