ကိန်း ၊ ဂျေဆုစ် ၊ အီကာဒီ တို့ အနက် ရော်နယ်ဒို နဲ့ အလိုက်ဖက်ဆုံး ဖြစ်မယ့် တိုက်စစ်မှူး ကို ရွေးချယ် ပေးလိုက်တဲ့ #လူကာတိုနီ

အီတလီ စီးရီးအေ အင်အာကြီး ကလပ် ဖြစ်တဲ့ ယူဗင်တပ် အသင်း ဟာ လာမယ့် ဘောလုံး ရာသီ မှာ ၎င်းတို့ရဲ့ အထောင် တိုက်စစ် နေရာ ကို အားဖြည့်ဖို့ အတွက် တိုက်စစ်မှူးသစ် ရှာပုံတော် ထွက်ဖို့ ရှိနေပါတယ် ။

အကြောင်း ကတော့ လက်ရှိ အထောင် တိုက်စစ် နေရာ ကို ဦးဆောင်နေတဲ့ ဂွန်ဇာလို ဟီဂွာအင် ဟာ အကျဖက် ကို ရောက်လာပြီ ဖြစ်သလို ၊ အဓိက ကစားသမား တဦး ဖြစ်တဲ့ ရော်နယ်ဒို အတွက် ပိုပြီး အတွဲအဖက် မိမယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို ယူဗင်တပ် ဖက်က ရှာဖွေ ဝယ်ယူ သွားလိုနေပါတယ် ။

လတ်တလော ဥရောပ ဘောလုံး လောကမှာတော့ အသက်အရွယ်ကောင်းတဲ့ ၊ ခြေစွမ်း အဆင့်အတန်း မြင့်တဲ့ ထိပ်တန်း တိုက်စစ်မှူး တွေ များများစားစား သိပ်မရှိပါဘူး ။ တော့တင်ဟမ် မှ ဟယ်ရီကိန်း ၊ မန်စီးတီး မှ ဂါဘရီရယ် ဂျေဆုစ် ၊ ပီအက်စ်ဂျီ မှ မော်ရို အီကာဒီ ၊ ဒေါ့မွန် မှ အာလင်း ဟာလန်း ၊ လစ်ပ်ဇစ် မှ တီမို ဝါနာ အစရှိသူ တွေကတော့ အသက်အရွယ်ပိုင်း နဲ့ ခြေစွမ်းပိုင်း တွေမှာ ရေရှည် အတွက် အားထားရမယ့် တိုက်စစ်မှူး တွေ ဖြစ်ပါတယ် ။

ယူဗင်တပ် တို့ အနေနဲ့ ဒီလို တိုက်စစ်မှူး တွေကို လာမယ့် အပြောင်းအရွှေ့ မှာ ရှာဖွေ ဝယ်ယူသွားဖို့ လိုသလို ၊ ရော်နယ်ဒို နဲ့ အတူ အသင်း အတွက် ဂိုး ပုံမှန် သွင်းပေးနိုင်မယ့် အတွဲအဖက် တိုက်စစ်မှူး ကို မှန်မှန်ကန်ကန် ရှာဖွေဖို့ အရမ်း အရေးကြီးပါတယ် ။ ယူဗီ တိုက်စစ်မှူးဟောင်း လူကာတိုနီ ကတော့ အထက် က ဖော်ပြခဲ့တဲ့ လက်ရှိ ဥရောပ ထိပ်တန်း တိုက်စစ်မှူး တွေ အကြောင်း အခုလိုပဲ သုံးသပ် ပြောဆိုခဲ့ပါတယ် ။

Tuttosport နဲ့ အင်တာဗျူး တခု မှာ တိုနီ က ” ကိန်း ဟာ အထောင် တိုက်စစ်မှူး စစ်စစ် တယောက်ပါ ။ လက်ရှိ အချိန် သူ့ရဲ့ နေရာ မှာ ဖြည့်တင်း ကစားပေးနိုင်မယ့် ကစားသမားကောင်း နည်းနည်းပဲ ရှိပါတယ် ။ နည်းစနစ်ပိုင်း ကောင်းမွန်တယ် ၊ အသင်းလိုက် ကစားပုံ ကောင်းတယ် ၊ ဂိုးရှေ့မှာလည်း သွင်းဂိုး အဆုံးသတ်ပိုင်း က အံ့မခန်း ကောင်းလွန်းပါတယ် ။ အသက် ၂၆ နှစ်ပဲ ရှိသေးတာက သူ့ရဲ့ ခြေစွမ်း တိုးတက်မှု ကို ဆက်ဖြစ်စေမှာပါ ။ ”

” အီကာဒီ က ကိန်း နဲ့ ခြေစွမ်း အဆင့်ချင်း တူသလား ? ကျွန်တော် တော့ မထင်ပါဘူး ။ ကိန်းထက် နည်းနည်းတော့ နိမ့်ပါတယ် ။ ကိန်း ကို Rating 9 ပေးမယ် ဆိုရင် အီကာဒီ က 8 လောက်တော့ ရပါမယ် ။ အီကာဒီ ဟာ ကိန်း နဲ့ ကစားပုံချင်း ဆင်တူပြီး သူ့လိုပဲ အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ပါတယ် ။ ဒါပေမယ့် သူဟာ ကိန်းထက်တော့ ပြီးပြည့်စုံမှု မရှိပါဘူး ။ ”

” အခုအချိန် မှာတော့ အီကာဒီ အတွက် အသင်းလိုက် ကစားပုံ တိုးတက်အောင် လုပ်ရပါမယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ချန်ပီယံ အဆင့် တောင်ပံ ကစားသမား တွေ ဖြစ်တဲ့ နေမာ ၊ အမ်ဘတ်ပေ တို့နဲ့ အတူ တွဲကစားခွင့် ရတာကတော့ သူ့ အတွက် အထူး တိုးတက်မှု ဖြစ်စေမှာ သေချာပါတယ် ။ ဂါဘရီရယ် ဂျေဆု ကိုတော့ 8.5 ၊ အာလင်း ဟာလန်း ကိုတော့ 7.5 နဲ့ တီမို ဝါနာကိုတော့ 7 စီ Rating တွေ သတ်မှတ် ပေးချင်ပါတယ် ။ ”

” ဝါနာ ဟာ ဒီရာသီ ချန်ပီယံလိဂ် မှာ လစ်ပ်ဇစ် အသင်း ကို ကွာတားဖိုင်နယ် အဆင့် အထိ ပို့ဆောင်ထားပေသလို ၊ သူ့ရဲ့ ခြေစွမ်း နဲ့ သွင်းဂိုး တွေက သူဟာ ထိပ်တန်း အဆင့် တိုက်စစ်မှူး ဆိုတာ ပြသနေပါတယ် ။ ဒါပေမယ့် ကိန်း ၊ အီကာဒီ တို့ထက်စာရင် သူ့ အနေနဲ့ အခုထက် အများကြီး တိုးတက်ဖို့ လိုသေးသလို ၊ ဒီထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည် တွေကို ပြသနိုင်ရပါမယ် ။ ”

” ဟာလန်း ဟာ အရမ်း ကောင်းတဲ့ ၊ ကြံ့ခိုင်မှု ပြည့်တဲ့ တိုက်စစ်မှူးပါ ။ ဒီနှစ် အတွင်းမှာ ဥရောပ တလွှားကို သူ လွှမ်းမိုးနိုင်ခဲ့ပါတယ် ။ ဆဲလ်ဇ်ဘာ့ဂ် မှာ ဂိုးတွေ လှိုင်လှိုင်သွင်းခဲ့သလိုမျိုး ၊ ဒေါ့မွန် မှာလည်း သူ့ရဲ့ အရည်အသွေး တွေကို ဆက်လက် ပြသနေပါတယ် ။ ဒါပေမယ့် အရမ်း အသက်ငယ်တဲ့ ကစားသမား တယောက် အတွက် သူ့ရဲ့ ခြေစွမ်း ဘယ်လောက် ကောင်းနေလဲ ဆိုတာ သိပ် အရေးမကြီးပါဘူး ။ ”

” ဒါပေမယ့် နောက်ထပ် ဘောလုံး ရာသီ ၃ခု အတွင်းမှာ သူ ဘာတွေ လုပ်ပြနိုင်သေးလဲ ဆိုတာ ကျွန်တော် တို့ စောင့်ကြည့်ရမှာပါ ။ ဒီ ပုံစံ အတိုင်းသာ ဆက်ပြီး တိုးတက်လာမယ် ဆိုရင် သူဟာ ကြီးကျယ်တဲ့ တိုက်စစ်မှူး တဦး ဖြစ်လာမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ လူကာ တိုနီ ကတော့ မန်စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျေဆုစ် ကိုပဲ ရော်နယ်ဒို နဲ့ လိုက်ဖက်တဲ့ ၊ ယူဗင်တပ် တို့ ခေါ်ယူသင့်တဲ့ တိုက်စစ်မှူး အဖြစ် ရွေးချယ်ပေးခဲ့ပါတယ် ။

တိုနီ က ” ဂျေဆုစ် ဟာ နည်းစနစ်ပိုင်း ကောင်းပြီး ၊ လျင်မြန်တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ် ။ ဂိုးဖန်တီးမှု တွေလည်း လုပ်နိုင်ပါတယ် ။ ခုနက ကျွန်တော် ဆွေးနွေးပေးခဲ့တဲ့ တိုက်စစ်မှူး တွေ အထဲမှာ ရော်နယ်ဒို နဲ့ အလိုက်ဖက်ဆုံး ဖြစ်တယ် လို့ ထင်ပါတယ် ။ ဒါကလည်း CR7 ဟာ အထောင် တိုက်စစ်မှူး စစ်စစ် မဟုတ်တဲ့ အတွက်ပါ ။ ”

” ဘယ်လိုပဲဖြစ်ဖြစ် သူဟာ အသင်း အတွက် ဂိုးအများဆုံး သွင်းပေးတဲ့ ကစားသမား ဖြစ်နေသလို ၊ တကယ်လည်း အသင်း ရဲ့ ဂိုးအများစု ကို သွင်းပေးရမယ့်သူ ဖြစ်နေပါတယ် ။ ဒါကြောင့်မို့ ဟယ်ရီကိန်း လို အသက် ၃၀ အောက် ဂိုးပုံမှန် သွင်းပေးမယ့် တိုက်စစ်မှူးမျိုး က ရော်နယ်ဒို အတွက် လိုက်ဖက်မှု မရှိပါဘူး ။ ”

” ကျွန်တော် ကတော့ ဂျေဆုစ် ကသာ ရော်နယ်ဒို နဲ့ လိုက်ဖက်မယ့် တိုက်စစ်မှူး ဖြစ်ပြီး ၊ တဖက်မှာ သူ ကိုယ်တိုင်လည်း ဂိုး တချို့တဝက် သွင်းပေးမယ် ၊ ရော်နယ်ဒို အတွက် ဂိုးတွေ ဖန်တီးပေးမယ် ၊ အသင်းဖော် တွေ အတွက်လည်း နေရာလွတ် တွေ ဖန်တီးပေးပါမယ် ။ ဒါ့အပြင် သူဟာ Pressing ကစားဟန် နဲ့လည်း လိုက်ဖက်ပြီး ၊ အသက် ကလည်း ၂၂ နှစ်ပဲ ရှိပါသေးတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR