၂၀၁၉-၂၀ ပရီးမီးယားလိဂ် ရာသီကို ဖျက်သိမ်းလိုနေတဲ့ သူတွေအတွက် ကင်နီဒဲလ်ဂလစ်ချ် ရဲ့ တုန့်ပြန်စကား

လီဗာပူး ဂန္တဝင် ကင်နီဒဲလ်ဂလစ်ချ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီ ရပ်နား ထားခဲ့တဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီကို မရေတွက်ဘဲ ပယ်ဖျက် သွားဖို့ အတွက် လုံး၀ ခွင့်မပြ နိုင်ဘူးလို့ ဆိုလိုက် ပါတယ်။ ဒီဗိုင်းရပ်ဟာ လူ ၆၀၀၀ ကျော်ရဲ့ အသက်တွေကို နှုတ်ယူ သွားခဲ့ပြီး ကူးစက်ခံရသူပေါင်း ၁၆၀၀၀၀ ကျော် ရှိနေကာ ဒီလို ကူးစက် ပျံ့နှံ့မှု ကြီးမားလာတဲ့ အတွက် ယူအေက တာဝန်ရှိသူတွေဟာ အခြား နိုင်ငံတွေ လိုပဲ ဘောလုံးပွဲတွေကို လာမည့်လ အစောပိုင်းထိ ရပ်နား ထားခဲ့ပါတယ်။

လာမည့် ဧပြီလ ၄ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြန်လည်စတင်ရန် သတ်မှတ် ထားခဲ့ ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ခံထားရမှုဟာ များပြား နေဆဲ ဖြစ်နေတာကြောင့် လက်ရှိ အချိန်ထိ အဆိုပါ ရက်မှာ ပြိုင်ပွဲ ပြန်လည် ကျင်းပရန် သေချာမှု မရှိသေးပါဘူး။ တန်းဆင်းဇုန်မှာ ရုန်းကန် နေရတဲ့ ဝက်ဟမ်း အသင်းရဲ့ ဒုဥက္ကဋ္ဌ ဖြစ်သူ ကီရန်ဘရာဒီ ကတော့ အကောင်းဆုံး အရာ ကတော့ ဒီရာသီ ပြိုင်ပွဲကို ဖျက်သိမ်း လိုက်တာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

လီဗာပူးဟာ ဒီရာသီ အမှတ်ပေးဇယားမှာ ၂၅ မှတ် အသာ ဦးဆောင်လျက် ရှိနေပြီး ဗိုလ်စွဲနိုင်ရန် နောက်ထပ် အများဆုံး ၆ မှတ်သာ လိုအပ်တော့တဲ့ အခြေအနေကောင်းမှာ ရှိနေပါတယ်။ အန်ဖီးရဲ့ ဟီးရိုး ဖြစ်သူ ကင်နီဒဲလ်ဂလစ်ချ်ကတော့ ဝက်ဟမ်း ဥက္ကဋ္ဌရဲ့ အမြင်ကို သဘောမတူ ဖြစ်နေ ခဲ့ပါတယ်။

ကင်နီဒဲလ်ဂလစ်ချ် က “ဒီရာသီ ပရီးမီးယားလိဂ်မှာ ၂၉ ပွဲ ကစားထား အပြီး ကိုးပွဲ ကစားဖို့ ကျန်နေချိန်မှာ လီဗာပူးဟာ မန်ချက်စတာစီးတီးကို ၂၅ မှတ်ထိ ဖြတ်ထား နိုင်ပြီး အကောင်းဆုံး လုပ်ထား ခဲ့ပါတယ်။ ဒီလို လုပ်ဆောင် ထားခဲ့တဲ့ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးကို ပယ်ဖျက်တာဟာ အရမ်းကို အဓိပ္ပာယ် ရှိနေတဲ့ ရလဒ်လို့ အမှန်တကယ် ယူဆနေတဲ့ လူပုဂ္ဂိုလ် ရှိနေ သေးတာလား?

ကျွန်တော့်ရဲ့ ပထမဦးဆုံး အတွေးကတော့ ဒီရာသီကို ပြီးဆုံးအောင် ကစားဖို့ အတွက် မဖြစ်မနေ အချိန်ပေး သွားရမှာ ဖြစ်ပါတယ်။ ဆိုလိုတာ ကတော့ ကျွန်တော်တို့ အနေနဲ့ မေလ အတွင်း ၃ ပတ်လောက် တစ်ပတ် ၂ ပွဲ ကစားသွားဖို့ လိုပါတယ်။ ဒါမှမဟုတ် ဇွန်လပေါ့။ အဲဒါဆိုရင်တော့ ပြီးသွား နိုင်ပါတယ်။

 

ဒါဟာ အကောင်းဆုံး အကြံဉာဏ် မဟုတ်တာတော့ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကလပ်တိုင်း ဒါကို သဘောတူကြ မှာပါ။ ဒ့ါကြောင့် ရာသီပြီးအောင် ကစားခြင်း ကသာ အားလုံး အတွက် သင့်တင့် မျှတတဲ့ အရာ ဖြစ်လာမှာပါ။ ၂၀၁၉-၂၀ ဘောလုံး ရာသီ အတွက် လုံး၀ မဖြစ်သင့်တဲ့ အရာ ကတော့ ပြိုင်ပွဲကို ဖျက်သိမ်းကြောင်း ကြေငြာတာ ပါပဲ။” လို့ ဆိုသွား ပါတယ်။

စကော့တလန် ဂန္တဝင်ကြီးက လက်ရှိ အချိန်မှာ ဆုဖလား အကြောင်း ပြောတာထက် အရေးကြီးတဲ့ ပြသနာတွေ ရှိနေတယ်လို့ ဝန်ခံ သွားခဲ့ပါတယ်။

ကင်နီဒဲလ်ဂလစ်ချ် က “ကျွန်တော်တို့ မျှော်လင့် ထားတာ ကတော့ ဒီဗိုင်းရပ် ကနေ ဖြစ်နိုင်သမျှ လူတွေ အများကြီး ဘေးကင်းဖို့ ၊ ပြန်ကောင်းဖို့ နဲ့ လွတ်ကင်းဖို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ ကျန်းမာရေး ပြသနာနဲ့ ယှဉ်လိုက်မယ် ဆိုရင် ဘောလုံးဟာ အမြဲတမ်း ဒုတိယ နေရာမှာပဲ ရှိနေမှာ အမှန်ပါပဲ။ ကျန်းမာရေးရဲ့ အရေးကြီးပုံကို ကျွန်တော်တို့ ဘယ်တော့မှ ပေါ့ဆလို့ မရပါဘူး။ အမှန်ပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီအချိန်မှာ ကျွန်တော့် အတွက် အဓိက ပူပန်စရာ ပါပဲ။ ကျွန်တော် အားလုံးကို ကျန်းမာစေဖို့ ဆုတောင်း ပေးလိုက် ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM