အာဆင်နယ် အသင်းဖော် တစ်ဦးရဲ့ခြေစွမ်းကို အထူးတလည် ချီးကျူးလိုက်တဲ့ ပါဘလိုမာရီ

စပိန် နောက်ခံလူ ပါဘလို မာရီ ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းကမှ ဘရာဇီး ကလပ် ဖလာမင်ဂို ကနေ အာဆင်နယ် အသင်းကို ရာသီကုန်အထိ အငှားနဲ့ ပြောင်းရွှေ့ရောက်ရှိ လာသူလည်း ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ အငှား စာချုပ် ပြည့်ပါက အပြီးသတ် ဝယ်ယူခွင့်ကိုပါ ထည့်သွင်း ချုပ်ဆိုထားတယ်လို့ သိရပါတယ် ။

ပါဘလို မာရီ ဟာ ပိုစ့်မောက် အသင်းနဲ့ အက်ဖ်အေ ဖလားပွဲမှာ အာဆင်နယ် အသင်း အတွက် ပထမဆုံး အကြိမ် ပွဲထွက် ကစားခွင့် ရခဲ့ပြီး ၊ မူစတာဖီ ဒဏ်ရာ ရနေတဲ့ အချိန်မှာတော့ ပရီးမီးယားလိဂ် ပထမဆုံး ပွဲထွက် ကစားခွင့်ကိုပါ ရရှိ လာခဲ့တာပါ ။

မာရီ ပါဝင် ကစားတဲ့ နှစ်ပွဲစလုံးဟာ အာဆင်နယ် အသင်းဟာ ဂိုးပေး ခဲ့ရခြင်း မရှိဘဲ Clean-Sheet ရယူနိုင်ခဲ့ပါတယ် ။ အခု အခါမှာတော့ ပါဘလို မာရီ က အသင်းဖော် နောက်ခံလူ ဒေးဗစ် လူးဝဇ် ဟာ ကစားသမားကောင်း တစ်ဦး ဖြစ်တာကြောင့် သူနဲ့ ကစားရတာ အခက်အခဲ လုံးဝ မရှိကြောင်း ချီးကျူး စကား ဆိုလိုက်ပါတယ် ။

” ဒေးဗစ်လူးဝဇ် က မယုံကြည်နိုင်လောက် ကောင်းတဲ့ ကစားသမား တစ်ဦးဆိုတာ ကျွန်တော်တို့ သိပါတယ် ၊ ကစားသမား ဘဝ ဖြတ်သန်းမှု ကောင်းမွန်ခဲ့သလို ကစားသမားကောင်း တစ်ဦးဆိုလည်း မမှားပါဘူး ။ သူနဲ့ တွဲဖက်ကစားရတာ သိပ်ကို လွယ်ကူ ပါတယ် ။ ”

” သူနဲ့ တွဲဖက် ကစားရတဲ့ နှစ်ပွဲစလုံးအပေါ် အားရမှု ရှိပါတယ် ၊ ဘာကြောင့်လဲ ဆိုတော့ သူနဲ့ တွဲဖက် ကစားရတဲ့ အခါမှာ ကိုယ်လုပ်ရမယ့် အရာကိုပဲ လုပ်ရပါတယ် ၊ တခြားသူတွေရဲ့အလုပ်ကို လိုက်ပြီး အာရုံစိုက်နေစရာ မလိုလို့ပါ ။ ”

” သူက အတွေ့အကြုံရင့် ကစားသမား တစ်ဦးပါ ၊ တစ်ခါ တစ်လေ ပွဲပြီးခါနီး မိနစ်တွေမှာ ပွဲအဖြေ ပြောင်းလဲ ပေးနိုင်တဲ့ အခိုက်အတန့်မျိုး ဖန်တီးနိုင်ဖို့ လိုအပ်တဲ့ အချိန်မျိုး ရှိတတ်ပါတယ် ၊ အဲ့အချိန်မျိုးမှာ လူးဝဇ် က ပွဲအဖြေ ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ် ၊ ကျွန်တော်တို့ အတွက် သူနဲ့ တွဲကစားရတာ အေးဆေး လွယ်ကူ စေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပါဘလို မာရီဟာ မန်စီးတီးယူ- ၂၃ အသင်းသားဟောင်း တဦးဖြစ်ပြီး ၂၀၁၉ ဇူလိုင်မှာ အီတတ်ဟတ်မြေကို စွန့်ခွာ လာခဲ့တာ ဖြစ်ပါတယ် ။ မာရီဟာ၂၀၁၆ ခုနှစ်မှာ ဂျင်နက်စ်တစ် အသင်းကနေ မန်စီးတီးကို ပြောင်းလာခဲ့ပေမယ့် ဂျီရိုနာ၊ဒီပို့တီပို့ အသင်းတွေကို အငှား သွားရောက် ကစားရင်း အချိန်ဖြုန်း ခဲ့ရပါတယ် ။

ဖလာမင်ဂို အသင်းကို ပေါင် ၁သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့ အပြီးမှာတော့ အဓိက ကစားသမားတဦးဖြစ်လာခဲ့ပြီး ၂၀၁၉ ရာသီမှာ စုစုပေါင်း ပွဲ၃၀အထိ ပါဝင်ကစားပေးထားနိုင်ခဲ့ပါတယ်။ သူဟာ လီဗာပူးအသင်းကို ၁-၀ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ ကလပ် ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲစဉ်မှာလည်း ပါဝင်ခွင့်ရခဲ့ပါသေးတယ် ။

SPORTS MYANMAR