ရိုနာဒို ကို အသက် 40 အထိ ထိန်းထားဖို့ ကြိုးစားတော့မယ့် ဂျူဗီ

ဂျူဗီ ဟာ ရိုနာဒို ကို ခေါ်ယူလိုက်တဲ့ အတွက် ကွင်းပြင်ပ ဆိုင်ရာ အကျိုးအမြတ်တွေမှာတော့ ထင်မှတ် မထားလောက်အောင် ကို ခံစားခွင့် ရရှိခဲ့ပါတယ်။ လက်ရှိ စပွန်ဆာ စာချုပ်တွေ အားလုံးဟာ သက်တမ်းကာ အသီးသီး ချုပ်ဆိုထားနိုင်ခဲ့ကြသလို ၊ ကမ္ဘာတစ်ဝန်း မှာလဲ သူတို့ရဲ့ ပရိသတ်တွေဟာ အလျှင် အမြန်တိုးပွားလာလျှက် ရှိနေပါတယ်။

 

ဥက္ကဌကြီး အက်နဲလီ ရဲ့ ပြောစကား အရဆိုရင် သူတို့ အသင်းဟာ လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ Followers စတုတ္ထအများဆုံး ကလပ် ဖြစ်လာပြီ လို့ သိရပါတယ်။

ပေါ်တူဂီ အသင်းခေါင်းဆောင်ကြီးဟာ မကြာခင်ကမှ 35 နှစ် ပြည့်သွားခဲ့ ပါပြီ။ သို့သော် သူ့ရဲ့ စွမ်းဆောင်ရည်တွေ ဟာ 2020 အကူးမှ ပိုပြီးတော့ ကောင်းမွန်လာခဲ့ သလို ၊ ဒီရာသီ ပြိုင်ပွဲ စုစုပေါင်းမှာ 32 ပွဲ ပါဝင် ကစားထားပြီး 25 ဂိုး အထိ သွင်းယူထားခဲ့ပါတယ်။

ဒါဟာ သူ့ရဲ့ တိုးတက်ချင်တဲ့ စိတ်နဲ့ ကြိုးစားမှုတွေကြောင့် ထွက်ပေါ်လာတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပြီး ၊ ဒီအသက်အရွယ် အထိ ဒီလို ခြေစွမ်းမျိုး နဲ့ ဆက်တိုက် ထိန်းထားပြီး ကစားဖို့ ဆိုတာ ဘယ်လိုမှကို လွယ်ကူတဲ့ အရာ မဟုတ်ပါဘူး။ ထိပ်တန်း ကစားသမား အများစုဟာ အသက်အရွယ် ရလာနဲ့ အမျှ စွမ်းဆောင်ရည်တွေ ကျဆင်းသွားလေ့ ရှိသလို ၊ ဒုတိယတန်း လိဂ်တွေကိုသာ ပြောင်းရွှေ့ ကစားကြလေ့ရှိပါတယ်။

အထူးသဖြင့် ဥရောပ ထိပ်သီးလိဂ်တွေ ရဲ့ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်တော့ခြင်း မရှိတာကြောင့် ၊ သူတို့ နဲ့ ကိုက်ညီမယ့် နေရာသစ် တစ်ခုဆီ ရှာဖွေကြတာပါ။ သို့သော် ရိုနာဒို ကတော့ အဲဒီ အစဉ်အလာကို ဆန့်ကျင်ကာ ဘောလုံးသမား တိုင်း စံပြဖြစ်နိုင်လောက်တဲ့ နေထိုင် စားသောက်မှု ပုံစံတွေ နဲ့ ကြံ့ခိုင်မှု ကို ထိန်းထားပြီး ဖြတ်သန်းပြလျှက် ရှိနေပါတယ်။

ဂျူဗီ ကို ရောက်လာပြီး နောက်ပိုင်း ကတည်းက ကာလရှည် ဒဏ်ရာ ရမှု နည်းလာခဲ့သလို ၊ သူ့ရဲ့ အသက်အရွယ် နဲ့ လိုက်ဖက်မယ့် ကစားဟန်ကိုသာ ဆက်လက် ထိန်းညှိရင်း ၊ အရေးပါတဲ့ သွင်းဂိုးတွေကို ဆက်လက် ရယူပြနေဆဲ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ ဂျူဗီ ကတော့ သူ့ရဲ့ ကွင်းထဲက စွမ်းဆောင်ရည်တွေ ၊ ကွင်းပြ အသင်းအပေါ် အကျိုးပြုမှုတွေကြောင့် ကျေနပ်နေဆဲ ဖြစ်လို့ စာချုပ် သက်တမ်းတောင် တိုးပြီး ချုပ်ဆိုဖို့ အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

ကစားသမား ကိုယ်တိုင်ကလဲ အခုချိန်ထိ ဂျူဗီ ကနေ ထွက်ခွာချင်တဲ့ အကြောင်း တစ်ခွန်းမှ မ ဟထားသေးတာကြောင့် ၊ စာချုပ်သစ် ကိစ္စဟာ ဖြစ်နိုင်ချေ ရှိနေတဲ့ ခေါင်းစဉ် တစ်ခုလို့ မှတ်ချက်ပေးရမှာပါ။

ကစားသမားဟာ ရီးရဲ မက်ဒရစ် ကနေ ပြောင်းရွှေ့ လာခဲ့စဉ်က 2022 ခုနှစ် အထိ ချုပ်ဆိုခဲ့ပြီး ၊ တစ်နှစ် လုပ်ခ ယူရို 31 သန်း အထိ ရရှိနေတာ ဖြစ်ပါတယ်။ တူရင် အခြေစိုက် သတင်းစာတွေ ကတော့ ကလပ်အသင်း ဘက်က 2024 ခုနှစ် အထိ သက်တမ်းဖို့ ဆန္ဒရှိနေတယ်လို့ ဆိုလာခဲ့သလို ၊ ဒီရာသီ အကုန်မှာ ဆွေးနွေးမှုတွေကို စတင်ဖို့ မျှော်လင့်လျှက် ရှိနေပါတယ်။

ဒါဟာ ရိုနာဒို အနေနဲ့ ဒီရာသီ ချန်ပီယံလိဂ် ဖလားကြီးကို ဆွတ်ခူးပေးနိုင်သည် ဖြစ်စေ ၊ မပေးနိုင်သည် ဖြစ်စေ ကလပ်အသင်းဘက်က သူ့ကို လိုအပ်နေတဲ့ အကြောင်း ပြသလိုက်တာ ဖြစ်လို့ ကစားသမား ကိုယ်တိုင်လဲ ကျေနပ်နေမှာ ဖြစ်သလို ၊ သူ့ အပေါ် ထားရှိနေတဲ့ မျှော်လင့်ချက်တွေကြောင့်လဲ ဖိအားတွေ အနည်းငယ် လျှော့ကျသွားစေမှာ သေချာပါတယ်။

2024 ခုနှစ် အထိသာ သက်တမ်းတိုးလိုက်မယ် ဆိုရင် ရိုနာဒို ရဲ့ အသက်ဟာ 40 နား အထိ ကပ်သွားမှာပါ။ ဘောလုံး သမိုင်းကြောင်း တစ်လျှောက် ထာဝရ အကောင်းဆုံး ဘောလုံးသမားတွေ ထဲက တစ်ယောက် ကို အသက် 40 နား နီးသည် အထိ ဥရောပ ထိပ်သီး လိဂ် တစ်ခုမှ ကစားတာ မြင်တွေ့နေရတာ ဘောလုံး ပရိသတ်တွေ အတွက် ဆုလာဘ် တစ်ခုပါပဲဗျာ….

SPORTS MYANMAR