အေတီကို ကွင်းလယ်ကြယ်ပွင့်ကို အရ ခေါ်ယူဖို့ အာဆင်နယ် အသင်းကို တိုက်တွန်း အကြံဉာဏ် ပေးလိုက်တဲ့ ဟစ်လော့

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ လာမယ့် နွေရာသီမှာ အက်သလက်တီကို မက်ဒရစ် ကွင်းလယ် ကြယ်ပွင့် သောမက်စ် ပါတေး ကို ခေါ်ဝူ ပစ်မှတ် ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာပြီး နောက်မှာတော့ ဟစ်လော့က ဂန်းနားတို့ အနေနဲ့ ပါတေး ကို အရ ခေါ်ယူ သင့်ကြောင်း ထောက်ခံ သွား ခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ဟာ ပါတေး ရဲ့ ခြေစွမ်းကို သဘောကျ နှစ်သက် နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ သတင်းတွေ ထွက်ပေါ် နေခဲ့ပြီး ဂါနာ လက်ရွေးစင် ပါတေး ဟာ ချန်ပီယံလိဂ်မှာ အက်သလက်တီကို မက်ဒရစ် အသင်း နောက်တစ်ဆင့် တက်ရောက်အောင် ကူညီ ပေးနိုင်ခဲ့ပါတယ် ။

အာတီတာ ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ အာဆင်နယ် အသင်းကို စတင် တာဝန်ယူ ကိုင်တွယ် ခဲ့ပြီး လာမယ့် ရာသီ အတွက် ကြိုတင် ပြင်ဆင်မှု ပြုလုပ်တဲ့ အနေနဲ့ သောမက်စ်ပါတေး ကို ခေါ်ယူဖို့ ပြင်ဆင် နေတာလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ပါတေး ကို ခေါ်ယူဖို့ ချိတ်ဆက် ခဲ့ဖူးပြီး ကစားသမားရဲ့ အေးဂျင့် ဖြစ်သူကတော့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၄၃.၅ သန်း ရှိတယ်လို့ ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

အရပ် ၆ ပေ ရှိပြီး ခံစစ်ကို ကောင်း​ကောင်း ကာဗာပေးနိုင်တဲ့ ဂါနာ လက်ရွေးစင် ကွင်းလယ်လူ သောမက်စ် ပါတေး ကို ခေါ်ယူဖို့ အာဆင်နယ် အသင်း အပြင် မန်ချက်စတာ ယူနိုက်တက် နဲ့ စီရီးအေ ကလပ် အင်တာမီလန် အသင်း တို့ကလည်း စိတ်ဝင်စား နေကြပါတယ် ။ ဒါကြောင့် အာဆင်နယ် အသင်းအနေနဲ့ အခြား အသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူဖို့တော့ လိုအပ်ပါတယ် ။

ပရီးမီးယားလိဂ် မှာ ကျင်လည် ကစားခဲ့ဖူးတဲ့ ဂိုးသမားဟောင်း ဟစ်လော့ ကတော့ ESPN FC မှာ အာဆင်နယ် အနေနဲ့ သောမက်စ် ပါတေး ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း ပြောကြား သွားခဲ့ပါတယ် ။

” သောမက်စ် ပါတေး က ပြီးခဲ့တဲ့ နှစ်ရာသီ တုန်းကတော့ အေတီကို အသင်း အတွက် အကောင်းဆုံး ကစား ပေးနိုင်ခဲ့ပါတယ် ၊ ခင်ဗျားသာ အာဆင်နယ် တာဝန်ရှိသူဆို ပါတေး ကို အေတီကို ကနေ ရအောင် ခေါ်ယူနိုင်ဖို့ နေ့တိုင်း ကြိုးစား နေရမှာပါ ။ ”

” သူက နောက်တန်း လေးယောက် ရှေ့မှာ အထိုင် ကစားနိုင်ပါတယ် ၊ နောက်ပြီး သူ့လို ကောင်းတဲ့ box-to-box ကွင်းလယ် ကစားသမား များများစားစား ရှိမနေပါဘူး ၊ ဒါကြောင့် အာဆင်နယ် အနေနဲ့ ပါတေး ကို လျင်လျင်မြန်မြန် ခေါ်ယူ သင့်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ သောမက်စ် ပါတေး ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေသလို ဝုလ်ဗာဟမ်တန် တိုက်စစ် ကစားသမား ဒီယေဂို ဂျိုတာ ကို ခေါ်ယူဖို့လည်း ပစ်မှတ် ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

SPORTS MYANMAR