သမိုင်းတစ်လျှောက် အကြီးကြယ်ဆုံးရာသီကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးဟာ ဘာတွေပဲဖြစ်လာသည် ဖြစ်စေ အမှတ်ပေးဖလားနဲ့ ထိုက်တန်တယ်လို့ ဆိုလိုက်တဲ့ လီဗာပူး ဂန္တဝင်

ရော်ဘီဖောင်လာက လီဗာပူးဟာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူး နိုင်တဲ့ အကောင်းဆုံး အသင်း ဖြစ်တယ်လို့ ဆိုလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရာသီ ရပ်နားထားတာပဲ ဖြစ်ဖြစ် ဖျက်သိမ်း ခဲ့တာပဲ ဖြစ်ဖြစ် ယာဂန်ကလော့ ရဲ့ အသင်းဟာ အမှတ်ပေးဖလား ကို ဆွတ်ခူး နိုင်ခဲ့ပြီး ဖြစ်တယ်လို့ အခိုင်အမာ ပြောသွား ပါတယ်။ လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ၂၉ ပွဲ ကစား ၂၇ ပွဲထိ အနိုင် ရရှိ ထားခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ ၂၅ မှတ် အသာနဲ့ ဦးဆောင်လျက် ရှိနေပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီးဟာ လက်ကျန် ပွဲကျန် တစ်ပွဲ ရှိနေသေးပေမယ့်လည်း လီဗာပူးဟာ နောက်ထပ် ၆ မှတ် သာ ရခဲ့မယ် ဆိုရင် ပြိုင်ဘက်ရဲ့ အနေအထားကို ကြည့်စရာ မလိုဘဲ နှစ် ၃၀ အတွင်း ပထမဦးဆုံး အကြိမ် အမှတ်ပေးဖလားကို ကိုင်မြှောက် နိုင်မှာ ဖြစ်ပါတယ်။ ကံမကောင်းစွာ နဲ့ပဲ ကိုရိုနာဗိုင်းရပ်စ် ဟာ ဆိုးရွားစွာ ပျံ့နှံ့ လာခဲ့တာကြောင့် လီဗာပူးတို့ အမှတ်ပေးဖလား နဲ့ အောင်ပွဲ ခံရမယ့် အချိန်မှာ နောက်ကျ သွားခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာမည့် ဧပြီလ ၄ ရက်နေ့ အထိ ရွေ့ဆိုင်း ထားခဲ့ပါတယ်။

EFL အပြင် ဥရောပ ရဲ့ အဓိက လိဂ်ပြိုင်ပွဲတွေဟာ လူပေါင်း ၆၀၀၀ ကျော်ရဲ့ အသက်ကို နှုတ်ယူ သွားခဲ့ပြီး ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ရဲ့ ကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အတွက် အစိုးရဘက်က ညွှန်ကြား ထားတဲ့ အတိုင်း လိုက်နာ ခဲ့ကြပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီသာ ဖျက်သိမ်း ခဲ့မယ် ဆိုရင် လီဗာပူး တို့ အမှတ်ပေးဖလား နဲ့ လွဲချော်နိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေ ပေမယ့်လည်း ဖောင်လာ ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ပြီးခဲ့တဲ့ ၈ လတာ ကာလအတွင်း အကောင်းဆုံး စွမ်းဆောင် ခဲ့မှုတွေ အတွက် ချန်ပီယံ အဖြစ် သတ်မှတ်ရန် ထိုက်တန် နေပြီ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဖောင်လာက “လီဗာပူးတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ မထိုက်တန်ဘူးလို့ အသိအမှတ် မပြုတဲ့သူ ဒီနိုင်ငံမှာ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဟာ တရားဝင် မဟုတ်သေး ပေမယ့် ပရီးမီးယားလိဂ် winners ဖြစ်ပြီး နေပါပြီ။ ကျွန်တော် ကတော့ လူတော်တော်များများ…ခါးသီးပြိုင်ဘက် အသင်းတွေရဲ့ ပရိတ်သတ်တွေတောင် ဒါကို ငြင်းခုန် မယ်လို့ ကျွန်တော် မထင်ပါဘူး။

အကယ်၍ ဘောလုံးရာသီကို အခုချိန်မှာ အဆုံးသတ် လိုက်တယ်ပဲ ဆိုပါတော့…ပြိုင်ပွဲရဲ့ ရှင်းရှင်းလေး ဖြစ်နေတဲ့ winners ကို ဆုဖလား မပေးဘဲ နေလို့ မရပါဘူး။ ဒီလို အခြေအနေမျိုးမှာ ဖလား ဆွတ်ခူးတာ ကတော့ ဒီအောင်ပွဲကို မှေးမှိန်မှု ရှိစေတာတော့ အမှန်ပါပဲ။ သံသယ ဖြစ်စရာ မရှိပါဘူး။ လီဗာပူးတို့ နောက်ထပ် လိဂ်ဖလားကို အိမ်ပြန်သယ်ဖို့ အသဲအသန် ကြိုးစား ခဲ့တဲ့ ဒီ နှစ် ၃၀ အတွင်းမှာ ကျွန်တော်လည်း အစိတ်အပိုင်း တစ်ခု အနေနဲ့ ဖြတ်သန်း ထားခဲ့ပါတယ်။ ဒါ့ကြောင့် ဒီဖလား ဟာ လီဗာပူး အတွက် ဘယ်လောက်တောင် အဓိပ္ပာယ် ရှိသလဲ ဆိုတာ ကျွန်တော် သိပါတယ်။

နှစ်တိုင်း နှစ်တိုင်း ဖိအားတွေက တိုးလာ ခဲ့ပြီး ဒီဖလားနဲ့ ပက်သက်တဲ့ ပြောဆိုမှုတွေ ပိုမို ကျယ်လောင် လာခဲ့ကာ ပရိတ်သတ်တွေ ကလည်း ပိုမို လိုချင် လာကြ ပါတယ်။ ဒီဖလားဟာ အရမ်းကို အဓိပ္ပာယ်တွေ ရှိနေပါတယ်။ လီဗာပူးတို့ ချန်ပီယံ မဖြစ်သင့်ဘူးလို့ ငြင်းခုန် နေတဲ့ သူတွေကို ပြောချင်တာက အကယ်၍ ရာသီ မပြီးခဲ့ရင်လည်း သမိုင်းမှတ်တမ်း စာအုပ်ကို ပြန်ကြည့်လိုက်ပါ။ သူတို့ဟာ တစ်ရာသီလုံး မှာမှ ရမှတ် ၅ မှတ်ပဲ ဆုံးရှုံး ထားခဲ့တာပါ။ ကျွန်တော် ကျောင်းအသင်းမှာ ကစားခဲ့တုန်းက တစ်ပွဲတည်း ၁၆ ဂိုး သွင်းပြီး စုစုပေါင်း ဂိုး ၁၀၀ ကျော် သွင်းခဲ့တာကို အခုထိ ကောင်းကောင်း မှတ်မိ နေပါသေးတယ်။ အဲဒီရာသီ ကတောင် ကျွန်တော်တို့ဟာ အမှတ်ဆုံးရှံုး ခဲ့တာ ၅ မှတ် မက ခဲ့ပါဘူး။

သူတို့ဟာ ချန်ပီယံ ဖြစ်ဖို့ အထိုက်တန်ဆုံး အသင်းပါ။ ဒါဟာ ထိပ်တန်းလိဂ် သမိုင်း တစ်လျှောက် အသင်းတစ်သင်း အကြီးကြယ်ဆုံး ဖြတ်သန်း နေတဲ့ ရာသီ ပါပဲ။ သူတို့ဟာ record-breakers တွေ ဖြစ်ပြီး သူတို့ဟာ ပရီးမီးယားလိဂ် ဖလား ကို ဆွတ်ခူး ခဲ့တဲ့ အသင်းတွေ ထဲမှာ အကောင်းဆုံး ဖြစ်နေမှာပါ။ ပြီးတော့ သူတို့ ဖလား ရခဲ့ပြီးပြီလို့ ကျွန်တော် ပြောချင်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် သတ်မှတ်ရန် သူတို့ နောက်ထပ် ၂ ပွဲသာ နိုင်ဖို့ လိုပါတော့တယ်။ ဒါပေမယ့် စီးတီးသာ အခုနဲ့ ရာသီကုန် ကြားမှာ နောက်ထပ် ၆ မှတ် ဆုံးရှံုး ခဲ့မယ် ဆိုရင် ဒီရမှတ်က လုံလောက်မှု ရှိနေပါပြီ။” လို့ ဆိုသွား ပါတယ်။

SM