ချန်ပီယံလိဂ် ပွဲတွေ ၊ ယူရိုပါလိဂ် အကြိုဗိုလ်လု ပွဲစဉ်တွေ ကို တစ်ကျော့စနစ် နဲ့ ပဲ ကစားစေဖို့ စဉ်းစားနေတဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ်

လာမယ့် အင်္ဂါနေ့ ရောက်ရှင်တော့ UEFA ဟာ လက်ရှိ ကော်ရိုနာ ဗိုင်းရပ်ကြောင်း ရပ်ဆိုင်းလိုက်ရတဲ့ ပွဲစဉ်တွေ အားလုံး အတွက် ဘယ်လို ပုံစံတွေ နဲ့ ဖြေရှင်းပြီး ရှေ့ဆက်ကြမလဲ ဆိုတဲ့ ခေါင်းစဉ် နဲ့ မျက်နှာချင်း စုံညီ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးပွဲမှာ ဥရောပ ဘောလုံး အဖွဲ့ချုပ် အဖွဲ့ဝင် 55 ဦး ၊ ဥရောပ ကလပ်အသင်းများ ဆိုင်ရာ အဖွဲ့အစည်း နဲ့ FIFpro က ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပြီး ဝိုင်းဝန်း အဖြေရှာကြတော့မှာ ဖြစ်ပါတယ်။

သူတို့ ရဲ့ ပထမဆုံး အဓိက ဆွေးနွေးကြမယ့် အချက်ဟာ တန်းလန်းကြီး ဖြစ်နေတဲ့ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ရှုံးထွက် အဆင့်ပွဲစဉ်တွေ အားလုံးကို ဘယ်လို ပုံစံနဲ့ အမြန်ဆုံး အပြီးသတ်ကြမလဲ ဆိုတဲ့ မေးခွန်းပါ။ အဲဒီနောက်မှာတော့ ဗိုင်းရပ် အခြေအနေ အပေါ်မူတည်ပြီး ၊ ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်တွေကို တစ်ကျော့စနစ် နဲ့ စတင် ကစားမလား ၊ ဒါမှမဟုတ် ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ရောက်မှ ကစားကြမလား ဆိုတာ ကို အဓိက ထား ဆွေးနွေးကြမှာပါ။

ဥရောပ နေးရှင်းလိဂ် ပြိုင်ပွဲမှာတော့ အလားတူ စနစ်ကို ကျင့်သုံးထားပြီး ၊ ဆီမီးဖိုင်နယ် တက်ရောက်လာတဲ့ အသင်းတွေဟာ ဗိုလ်လုပွဲ ကစားမယ့် နိုင်ငံမှာ တစ်ကျော့တည်း ကစားကြပြီး ၊ 4 ရက် အတွင်းမှာပဲ ဗိုလ်လုပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဥရောပ ဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေ ကတော့ အဲဒီ အိုက်ဒီယာ ကို ချန်ပီယံလိဂ် မှာ ကျန်ရှိနေတဲ့ အသင်းတွေ အားလုံး က အစ္စတန်ဘူလ် တစ်နေရာတည်းမှာ ကစားဖို့ လက်ခံတယ် ဆိုရင် ၊ ယူရိုပါလိဂ် ကိုလဲ အလားတူ ကျင်းပဖို့ ဆုံးဖြတ်ဖို့ ရည်ရွယ်ထားပါတယ်။

နောက်ထပ် အကြောင်းအရာ တစ်ခုကတော့ ယူရို 2020 ပြိုင်ပွဲကို နောက်ဆုတ်မယ့် ကိစ္စကို အဓိက ထား ဆွေးနွေးမှာ ဖြစ်ကာ ၊ ဒီဇင်ဘာလထဲ မှာ ပြောင်းလဲ ကျင်းပဖို့ ဖြစ်နိုင်ချေ အရှိဆုံးလို့ ယူဆရပါတယ်။

ဥရောပ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေးက မည်သည့် ဆုံးဖြတ်ချက်မျိုးပဲ ထွက်ပေါ် လာပါစေ ၊ ပရီးမီးယားလိဂ် ကလဲ သူတို့ အားလုံး မျက်နှာချင်း စုံညီ အစည်းအဝေးကို ကြာသပတေး နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပြီးပြီ ဖြစ်ပါတယ်။ ဒီအစည်းအဝေး ကတော့ လက်ကျန် ရာသီ ကို ဘယ်လို အဆုံးသတ်ကြမလဲ ဆိုတဲ့ ခေါင်းစဉ် က အဓိကပါ။

ပရီးမီးယားလိဂ် ကလပ်အသင်း အချို့က ဒီရာသီ ကို ဆက်လက် ကစားခြင်း မရှိပဲ ဖျက်သိမ်းဖို့ အကြံပြုချက်တွေ ထွက်လာပေမယ့် ၊ အသင်း အများစု ကတော့ ဖြစ်နိုင်တဲ့ နည်းနဲ့ အဆုံးသတ်အောင် ကစားဖို့ ဆန္ဒရှိကြပါတယ်။

အက်ဖ်အေ ဥက္ကဌ ဂရက် ကလပ်ခ် က လက်ရှိ ဗိုင်းရပ် ပျံ့နှံမှု အတိုင်းဆိုရင် ပရီးမီးယားလိဂ် အနေနဲ့ လာမယ့် ဧပြီလ 3 ရက်နေ့မှာ ပြန်ကစားဖို့ ဖြစ်နိုင်ချေ မရှိဘူးလို့ မှတ်ချက် ပေးထားပေမယ့် ၊ ပြိုင်ပွဲ တာဝန်ရှိသူတွေ နဲ့ ကလပ်အသင်း တာဝန်ရှိသူတွေ အားလုံးကတော့ ဧပြီလ 3 ရက်နေ့မှာ ပြန်စနိုင်လိမ့်မယ်လို့ ယုံကြည်လျှက် ရှိနေပါတယ်။

တစ်ချိန်တည်းမှာ ပဲ ပရီးမီးယားလိဂ် ချန်ပီယံ ဆု အတွက် လီဗာပူး ကို သတ်မှတ်ပေးဖို့ ကိစ္စဟာ အငြင်းပွားစရာ မရှိ ခေါင်းစဉ် တစ်ခု ဖြစ်နေပမယ့် ၊ လာမယ့် ရာသီ ဥရောပ ဝင်ခွင့် နဲ့ တန်းဆင်းဇုံ တိုက်ပွဲ အကြောင်းအရာတွေကတော့ ဘယ်သူကမှ အဖြေပေးနိုင်ခြင်း မရှိသေးပါဘူး။

ယူနိုက်တက်ဟာ အဆင့် 4 နေရာက ချဲဆီး နဲ့ 3 မှတ်သာ ကွာဟနေတာ ဖြစ်ပြီး ၊ အဆင့် 11 က ပဲလေ့ နဲ့ ယူနိုက်တက်တို့ အကြား 6 မှတ်သာ ကွာဟ ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ချန်ပီယံဆု ပေး/မပေး ဆိုတဲ့ မေးခွန်းထက် ၊ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ယူရိုပါလိဂ် ဝင်ခွင့် တွေက တော်တော်လေး ကို ပွဲဆူလာနိုင်တဲ့ မေးခွန်းမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

တစ်ချိန်တည်းမှာပဲ တန်းဆင်းဇုံ တိုက်ပွဲ အတွက် အဆင့် 16 နေရာက ဝက်စ်ဟမ်း နဲ့ အဆင့် 20 က နော့ဝှစ်ချ် တို့ရဲ့အကြား ကွာဟမှု က 6 မှတ် သာ ရှိနေပြန်တာပါ။

အဲဒီလို အခြေအနေတွေကြောင့်ပဲ တစ်ချို့ ကလပ်အသင်းတွေ က ဒီရာသီ ကို ဖျက်သိမ်းဖို့ လေသံထွက်လာသည့် တိုင်အောင် ၊ ပရီးမီးယားလိဂ် ဟာ ဖြစ်တဲ့ နည်းနဲ့တော့ ဘောလုံးရာသီကို အဆုံးသတ်ဖို့ ကြိုးစားလာမှာ သေချာနေပါတယ်။

SM