ကစားသမားကောင်းတွေ ကို မဆုံးရှုံးရပေမယ့် ၊ ဝန်ထမ်းကောင်းတွေကို ဆုံးရှုံးနေရရှာတဲ့ ယာဂန် ကလော့ပ်

ယာဂန် ကလော့ပ် တည်ဆောက်လာခဲ့တဲ့ ကာလ တစ်လျှောက်မှာ ဝန်ထမ်းကောင်းတွေကို ဆုံးရှုံးနေရတာ လီဗာပူုး အတွက် အထူးအဆန်း မဟုတ်တော့ပါဘူး။ ကလော့ပ် ကလဲ ပြုပြင် ပြောင်းလဲရေးထက် ၊ တိုးတက် တည်ဆောက်ရေးကို ပိုပြီး အလေးသာတဲ့ သူမို့လို့ ၊ သူ့ရဲ့ လက်ထက်မှာ ကစားသမားတွေသာ မက ဝန်ထမ်းတွေရဲ့ အရည်အသွေးတွေကိုပါ မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

သူ လီဗာပူး ကို စတင် တာဝန်ယူခဲ့တဲ့ 2015 ခုနှစ် အောက်တိုဘာလ က ဆိုရင် ၊ အခြား နည်းပြတွေ နဲ့ မတူပဲ ၊ သူ့ရဲ့ ကိုယ့်ပိုင် နည်းပြ အဖွဲ့ဝင် အဖြစ် 2 ယောက်သာ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ သူတို့တွေ ကတော့ လက်ထောက် နည်းပြတွေ ဖြစ်တဲ့ ပီတာ ခရာဝိခ် နဲ့ ဘူဗက် တို့ပါ။

ကလော့ပ်ဟ နောက်ပိုင်းမှာတော့ အသင်းရဲ့ တည်ဆောက်ပုံကို တဖြေးဖြေး နဲ့ ပြောင်းလဲ တည်ဆောက်ယူခဲ့ပါတယ်။ ယခင် ရှိပြီးသား နည်းပြအဖွဲ့ဝင်တွေကို ပိုပြီးတော့ ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ ထွက်ပေါ်လာအောင် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ခဲ့သလို ၊ ခေတ်နဲ့ ညီတဲ့ ပြောင်းလဲရေးတွေကိုလဲ စနစ်တကျ လုပ်ခဲ့ပါတယ်။

လက်ရှိ ကလော့ပ် တာဝန်ယူခဲ့တဲ့ 4 နှစ်ခွဲ ကာလ တစ်ခုအတွင်းမှာ ဆိုရင် ခရာဝိခ် ၊ ပက်လင်ဒါ ၊ အက်ချ်တာဘတ် ၊ အကြောပြင် ဆရာ ပေါလ်စမော တို့ဟာ သက်တော်အရှည်ဆုံး ဝန်ထမ်းတွေ ဖြစ်သလို ၊ အဲဒီ အထဲက တစ်ဦးသားလျှင် ကလော့ပ်က အန်ဖီးလ်ကို ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

သို့သော် လီဗာပူး ရဲ့ တိုးတက်မှုကို တစ်ကမ္ဘာလုံးက မြင်တွေ့လာပြီး နောက်ပိုင်း ၊ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွေ နဲ့ ဘောလုံးဆိုင်ရာ အဖွဲ့ အစည်းတွေက ကလော့ပ်ရဲ့ နည်းပြ အဖွဲ့ဝင်တွေထဲက အရည်အသွေးမြင့် ဝန်ထမ်းတွေကို ဆွဲဆောင် ခေါ်ယူဖို့ ကြိုးစားလာခဲ့ကြပါတယ်။

အထူးသဖြင့် ကလော့ပ် တည်ဆောက်ထားတဲ့ အိုက်ဒီယာတွေ ၊ နောက်ကွယ်က တီထွင် ဆန်းသစ်တဲ့ ဖွဲ့စည် လည်ပတ် ပုံတွေကို အတုယူချင်လို့ အဲဒီလို ဝန်ထမ်းကိုတွေ စည်းရုံး ခေါ်ယူနေတယ်လို့ ဆိုမယ် ဆိုရင်လဲ မှားမယ် မထင်ပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာတော့ ယူ 23 နည်းပြ ခရစ်ချ်လေ ၊ ဆေးအဖွဲ့မှူး မက်ဆေး ၊ ကြံ့ခိုင်ရေး နည်းပြ ပါထရစ်ချ် တို့ဟာ လီဗာပူး ကနေ ထွက်ခွာတော့မယ့် အကြောင်း အသီးသီး ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ သူတို့ ထွက်ခွာသွားခြင်းဟာ အပြုံးနဲ့သာ နှုတ်ဆက်ခဲ့ကြခြင်း ဖြစ်သလို ၊ သူ့ရဲ့ Career တိုးတက်ဖို့ စိန်ခေါ်မှုတွေ ပိုများတဲ့ ရာထူးသစ်တွေမှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်လို့ ကလော့ပ် ကိုယ်တိုင်က တားဆီးခဲ့ခြင်း လုံး၀ မရှိခဲ့ပါဘူး။

သူဟာ ပက်လင်ဒါ လီဗာပူး ကနေ ထွက်ခွာသွားစဉ်ကလဲ နားလည်မှု အပြည့်နဲ့ တံခါးဖွင့် ပေးခဲ့သူ ဖြစ်သလို ၊ လိုအပ်တဲ့ အချိန်မှာလဲ မိတ်မပျက်ပဲ ခေါ်ယူနိုင်ခဲ့တာကို ကြည့်ရင် ၊ တစ်ဖက်သားရဲ့ ခံစားချက်ကို နားလည်ပေးနိုင်စွမ်း ရှိလို့ မှတ်ချက်ပေးရမှာပါ။

ခရစ်ချ်လေဟာ အသင်းရဲ့ အကယ်ဒမီ မှာ 6 နှစ်ခွဲ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၊ အာနိုး ၊ ကာတစ်ဂျုံး ၊ ဝီလီယံ တို့ကို စီနီယာ အသင်းကြီးမှာ ကစားခွင့်ရအောင် ကူညီ ပေးခဲ့တဲ့ မှတ်တမ်းတွေကြောင့် ဘက်လက်ပုး အသင်းက နည်းပြချုပ် ရာထူး နဲ့ ကမ်းလှမ်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ကျော်ကြားမှုဟာ လီဗာပူး အသိုင်းအဝိုင်းမှာတော့ တော်တော်လေးကို မြင့်မားသလို ၊ ကလော့ပ် ကိုယ်တိုင်ကလဲ အသင်းကြီး ကိုင်တွယ်ခွင့် 2 ပွဲ အထိ ပေးခဲ့တာ ကြည့်ရင် ဘယ်လောက်အထိ ယုံကြည်ရတဲ့ နည်းပြ တစ်ဦးလဲ ဆိုတာ အထင်းသား ပေါ်လွှင်လျှက် ရှိနေပါတယ်။

ဆေးအဖွဲ့မှုး မာဆေး ကတော့ ဝက်ဖို့ဒ် နဲ့ ပွဲမှာ နောက်ဆုံး တာဝန်ယူခဲ့တာ ဖြစ်ပြီး ၊ ကလပ်အသင်းမှာ 2013 ခုနှစ် ကတည်းက အလုပ်လုပ်ကိုင်ခဲ့သူပါ။ အခုတော့ သူဟာ ဖီဖာ ရဲ့ ဆေးအဖွဲ့ဝင် ရာထူးမှာ ပြောင်းလဲ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

ပါထရစ်ချ် ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ကာတာ လက်ရွေးစင် အသင်းမှာ ကိုင်တွယ်ရမှာ ဖြစ်ပြီး ၊ အသင်းအပေါ် သံယောဇဉ် ကြီးမားသူ တစ်ယောက် ဖြစ်သည့်တိုင်အောင် ၊ တစ်ဖက်က ကမ်းလှမ်းလာတဲ့ အခွင့်အရေးက ငြင်းဆန်ဖို့ ခက်ခဲလို့ နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။ သူဟာ လီဗာပူး အကယ်ဒမီမှာ စတင် လုပ်ကိုင်ခဲ့တာ ဖြစ်ကာ 2016 ခုနှစ် ရောက်မှာ စီနီယာ အသင်းကြီး အတွက် တာဝန် တိုးမြှင့်ပေးခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။

မာဆေး ရဲ့ နေရာကိုတော့ အာဆင်နယ် အသင်းမှာ 11 နှစ် အကြာ လုပ်ကိုင်ခဲ့တဲ့ ဂယ်ဂီ အို ဒစ်ကွိုင်းလ် က ဆက်ခံသွားမှာ ဖြစ်ပြီး ၊ပါထရစ်ချ ်ရဲ့ နေရာမှာတော့ မန်စီးတီး က စတိ လီလေးက အစားထိုးမှာ ဖြစ်ပါတယ်။ လက်ရှိ အသင်းမှာ ရှိတဲ့ ကြံ့ခံရေး ဆိုင်ရာ အကြီးအကဲ လီ နိုဘီ နဲ့ လီလေး တို့ဟာ မန်စီးတီးမှာ လက်တွဲခဲ့သူတွေ ဖြစ်လို့ ၊ လီဗာပူး မှာ ပြန်လည် ပူးပေါင်းခွင့် ရရှိတော့မှာပါ။

လက်ရှိ အချိန်ထိတော့ ခရစ်ချ်လေ ရဲ့ ယူ 23 နည်းပြ ရာထူးအတွက် ဘယ်သူ့ကို ခန့်အပ်မလဲ ဆိုတဲ့ မေးခွန်းအပေါ် အဖြေက မရှိသေးပါဘူး။ အကယ်ဒမီ အကြီးအကဲ အန်းဂလက် သရုပ်ဟာ အဲဒီ ရာထူး အတွက် နည်းပြသစ် မခန့်အပ်မီ ကြားကာလ တစ်ခုအတွင်းမှာတော့ အနီးကပ် စောင့်ကြည့်ပေးသွားဖွယ် ရှိနေတယ်လို့ ယူဆရပါတယ်။

မိန့်ဇ်မှာတုန်းက တစ်ဦးတည်း နည်းပြ လုပ်ခဲ့ရတဲ့ ကလော့ပ် တစ်ယောက် ၊ လီဗာပူး မှာတော့ နည်းပြ အဖွဲ့ဝင်ပေါင်း 20 နဲ့ လုပ်ကိုင်ရလျှက် ရှိနေပါပြီ။ လိုအပ်ချက်တွေ များလွန်းလှတဲ့ ဘောလုံး လောကမှာ ရှုထောင့်ပေါင်းစုံ ကနေ ကြည့်ရှုသုံးသပ်ရင်း ဌာနပေါင်းများစွာ တိုးပွားလာကာ ၊ ပူးပေါင်း လုပ်ဆောင်မှုတွေက ပိုပြီးတော့ များပြားလာလျှက် ရှိနေပါတယ် ခင်ဗျာ……..
SM